ထားဝယ်၊ မေ ၂၃
တနင်္သာရီတိုင်း ထားဝယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၁ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ LLPDF က ထုတ်ပြန်ပါတယ်။
ခမရ ၄၀၁ တပ်က အသက် ၃၃ နှစ်အရွယ် တပ်သား ရဲကြီးဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့မှာ သူ့တပ်ရင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာပြီးနောက် LLPDF အဖွဲ့နဲ့ ချိတ်ဆက်အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ရဲကြီးဟာ စစ်မှုထမ်းသက် ၁၅ နှစ်ရှိပြီးဖြစ်တဲ့ တပ်သား တစ်ဦး ဖြစ်ကာ အလင်းဝင်လာစဉ် လက်နက်ခဲယမ်းတွေ ပါရှိတာကြောင့် ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့တယ်လို့ LLPDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလင်းဝင်လာတဲ့ တပ်သား ရဲကြီးအတွက် လတ်တလောမှာ နေထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး သူကိုယ်တိုင်က စစ်ကောင်စီကို ပြန်တိုက်သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်သားနဲ့ရဲ ၆ ဦးအထိ အလင်းဝင်ထားပြီး ၃ ဦးကတော့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF