တနင်္သာရီ၊ မေ ၂၄

တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ စစ်ရေးပြင်းထန်လာတဲ့ တနင်္သာရီတိုင်းအတွင်းရှိ မြို့ နယ်တွေမှာ စစ်ကောင်စီက အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် အပါအဝင် ဖြတ်လေးဖြတ်စနစ်ကို ပိုမိုကျင့်သုံးလာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီနဲ့ ပုလောမြို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို အရင်ကထက် ပိုမိုတင်းကြပ်လာခဲ့တာပါ။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့ပေါ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေနဲ့ ကျေးရွာတွေကို စက်သုံးဆီ မရောင်းချဖို့ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်မှာ စစ်ကောင်စီက စက်သုံးဆီးတင်ပို့ရောင်းချသူတွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အရင်က တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေရှိ ကျေးရွာအုပ်စုကိုသာ စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ပြုလုပ်လေ့ရှိပြီး အခုနှစ်အတွင်း ပိုမိုတင်းကြပ်လာခဲ့တာဖြစ်သလို ထားဝယ်မြို့ကနေ ပိတ်ပင်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ FE 5 Thaninntharyi ရဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ပိုမိုပြုလုပ်တာကြောင့် ဒေသခံတွေအနေနဲ့ ရာသီ သီးနှံတွေထွက်တဲ့အချိန် မြို့ပေါ်တက်ပြီး ရောင်းချရတာကြောင့် ပိုမိုအခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖြတ်လေးဖြတ်ပြုလုပ်ခံရတဲ့ ဒေသတွေမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူရာမှာ တောလမ်းကိုသာ အသုံးပြုရတာကြောင့် ကုန်ဈေးနှုန်းတွေဟာ အရင်ကထက် သုံးဆနီးပါး ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

တောလမ်းမှာလည်း နွေဘက်မှာသာ အသုံးပြုရတာဖြစ်ပြီး လက်ရှိမိုးတွင်းကာလမှာ ရေကြီးရေလျှံမှုတွေကြောင့် တောလမ်းကိုအသုံးပြုလို့ အဆင်မပြေတော့တာကြောင့် အခက်အခဲတွေပိုမိုကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း မြိတ်မြို့နယ် ကြေးနန်းတိုင်စစ်ဆေးရေးဂိတ်မှာ စားသုံးဆီသယ်ယူလာတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက စားသုံးဆီသယ်ယူရာမှာ တစ်ဘူးပိုနေတာကြောင့် အဲဒီတစ်ဘူးကို အကုန်သောက်ခိုင်းခဲ့ရာ အမျိုးသမီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.