မော်လမြိုင် ၊ မေ ၂၄

မွန်ပြည်နယ်အတွင်းက ချေးငွေရယူထားတဲ့ တောင်သူအနေနဲ့ ကြွေးကျန်ကြေမှ ချေးငွေထုတ်ချေးပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားချက်ကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ တောင်သူတွေအနေနဲ့ အရင် ချေးငွေရဲ့ အတိုးနဲ့အရင်းကို လုံးဝပြန်ဆပ်နိုင်မှသာ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

လက်ရှိကာလဟာ မိုးစပါးစိုက်ပျိုးဖို့အတွက် ပြင်ဆင်နေတဲ့ကာလ ဖြစ်တာကြောင့် ချေးငွေမရရှိပါက အရင်လို မိုးစပါးအချိန်မီ စိုက်ပျိုးဖို့ အခက်အခဲရှိနိုင်တဲ့အပြင် ချေးငွေမရတာကြောင့် လျှော့ချ စိုက်ပျိုးရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

စပါးစိုက်တောင်သူတစ်ဦးကတော့ ချေးငွေအကြေမဆပ်နိုင်တာဟာ နွေစပါးမှာ အရှုံးပေါ် ခဲ့တာကြောင့် ဖြစ်သလို ချေးငွေမရပါက စပါးစိုက်ပျိုးဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“အခုတောင်သူ‌တွေက အခုထပ်ထိမဆပ်ရသေးဘူးဆိုတာက နွေစပါးတွေကလည်း ဈေးက ပြီးခဲ့တဲ့ နှစ်ကထက်ကို ဈေးကကျတော့ တောင်သူတွေလည်း တွက်ချေမကိုက် အရှုံးပေါ်တော့ စပါးဈေးတွေကိုလည်း စောင့်နေတာ။ နှစ်တိုင်းပါပဲ တောင်သူကတော့ စိုက်စရိတ်မရဘူးဆိုရင်တော့လည်း အခက်အခဲတော့ ရှိမှာပေါ့” လို့ ဆိုပါတယ်။

တောင်သူတွေ စပါးစိုက်ပျိုးရာမှာ အရှုံးပေါ်ပြီး အခက်အခဲ တွေ့နေချိန်မှာ စစ်ကောင်စီအနေနဲ့ ကာလတစ်ခု သတ်မှတ်ပြီး ချေးငွေပေးဆပ်ရမယ့်အချိန်ကို လျှော့ပေါ့ပေးသင့်သလို တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးဖို့အတွက် အပြင်ကချေးငွေယူပြီး စိုက်ပျိုးပါက ကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် စပါးစိုက်တောင်သူတစ်ဦးကလည်း စပါးစိုက်ပျိုးရာမှာ သဘာဝဘေးကြောင့် အရှုံးနဲ့ရင်ဆိုင်ရတဲ့အတွက် ချေးငွေဆပ်ဖို့ အခက်အခဲရှိခဲ့သလို မိုးစပါးအတွက် ချေးငွေမရတာကြောင့် စနစ်တကျ မစိုက်ပျိုးနိုင်တော့ဘဲ ကြဲခင်းသာ စိုက်ပျိုးနေရတယ်လို့ ပြောပါတယ်။

“နှစ်နှစ်ဆက်တိုက် ရေတွေကြီးလျက် ရှိတော့ အဲဒီက အရှုံးတွေနဲ့ ရင်ဆိုင်ရတာ ပါတယ်။ အစိုးရဆီမှာတော့ အတိုးနှုန်း သက်သာတယ်။အပြင်မှာကျတော့ အတိုးက ၄/၅ကျပ် ဆိုတော့ မတတ်နိုင်တော့ဘူး။ မတတ်နိုင်တဲ့ နောက်ပိုင်းကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ်သူ မဖြစ်ဖြစ်တဲ့ နည်းနဲ့ စိုက်ကွက်နေရာမှာကျတော့ ကြဲခင်း လုပ်ကြတယ်။ ဘဏ်စိုက်ငွေ မရတဲ့အခါကျတော့ တောင်သူ‌တွေဟာ အ များကြီး အခက်အခဲ ဖြစ်သွားတာပေါ့” လို့ ဆိုပါတယ်။

စိုက်ပျိုးစရိတ်အတွက် ချေးငွေမရတာကြောင့် သွင်းအားစုအပါအဝင် အထွေထွေ ကုန်ကျစရိတ်အတွက် အခက်အခဲဖြစ်နိုင်ပြီး ဖြစ်သလို စိုက်ပျိုးရတဲ့ အနေအထား ဖြစ်တာကြောင့် အထွက်နှုန်းတွေပါ လျော့ကျလာမယ့် အခြေအနေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ မိုးစပါးချေးငွေတွေကို တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ နှုန်းနဲ့ ၁၀ ဧက အထိ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က စတင်ကာ သက်ဆိုင်ရာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေမှာ ထုတ်ချေးပေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်သူတွေဟာ လက်ရှိ မိုးစပါး စတင်စိုက်ပျိုးချိန်မှာ သွင်းအားစုဈေးနှုန်း ထပ်မံမြင့်တက်နေတာ၊ အထွေထွေကုန်ကျစရိတ်ကြီးမြင့်နေတာအပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပ‌ဒေကြောင့် လုပ် သားရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ နွေစပါး စိုက်ပျိုးစဉ်ကလည်း ကုန်ကျစရိတ်မြင့်မားခဲ့ပြီး စပါးပေါ်ချိန်မှာ ဈေး ကောင်းမရတဲ့အပြင် ဈေးတွေပါ ထိုးကျလာတာကြောင့် အရှုံးပေါ်ခဲ့ကြပြီး လက်ရှိ မိုးစပါး စိုက် ပျိုးချိန်မှာ ချေးငွေအခက်အခဲနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ နှစ်စဉ် စပါးခင်း ဧကပေါင်း ၇ သိန်း နီးပါး စိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.