မြဝတီ၊ မေ ၂၄

ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါ်လေဒေသထဲမှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ကူပေးနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၁ ရက်နေ့ကစလို့ ထိုင်းနယ်စပ်အနီး မြဝတီမြို့ တောင်ဘက် ဝေါ်လေဒေသထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘလက်ဒို၊ သေဘောဘိုး၊ မော်ခီး၊ ကနဲလေးစခန်းတွေကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ ကရင်အမျိုသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်တို့က ဒရုန်းတွေအသုံးပြုပြီး စတင်တိုက်ခိုက်နေတာပါ။

တိုက်ပွဲဖြစ်ပွားတဲ့ ၃ ရက်မြောက်နေ့ မေ ၂၃ ရက်နေ့မှာတော့ ဘလက်ဒို၊ သေဘောဘိုးစခန်းတဝိုက်တွေမှာ ဒရုန်းဗုံးကြဲချတိုက်ခိုက်တာနဲ့ ပစ်ခတ်သံတွေကို ကြားနေရပြီး နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် မြဝတီမြို့နဲ့ ဝေါ်လေမြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမကြီး ပိတ်ထားတာဟာ ၃ ရက်လောက်ရှိပြီဖြစ်တယ်လို့ အဲဒီလမ်းပိုင်းမှာ သွားလာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

နယ်စပ်ဒေသထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံ ရေးကို တိုးမြှင့်ချထားပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာ ဝေါ်လေမြို့နဲ့ စုကလိမြို့တို့ရှိပြီး စုကလိမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇွန်လပိုင်းမှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိထားပြီး ဝေါ်လေဒေသထဲမှာသာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဝေါ်လေမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းအပြင် ဥကရစ်ထ၊ ကနဲလေး၊ ထီးကပလယ်၊ မော်ခီး၊ ဝါးမီးထ၊ ဘလက်ဒို၊ သေဘောဘိုးစတဲ့ စခန်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

KNU လက်အောက်ခံတပ်တွေဖြစ်ကြတဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့ မြောက်ဘက် တပ်မဟာ ၇ နယ်မြေထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို အခုမေလအတွင်း သိမ်းယူနိုင်ခဲ့ပြီးနောက် မြဝတီမြို့တောင်ဘက် တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကတော့ တပ်စခန်းမကျရေးအတွက် လေကြောင်းပစ်ကူကိုသာ အားထားအသုံးပြုနေရပြီး မြေပြင်ကနေ စစ်ကူလာရောက်ဖို့ မလွယ်ကူဘူးလို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

KNU တပ်မဟာ ၆ နယ်မြေနဲ့ တပ်မဟာ ၇ အစပ်ကြားမှာ ကော့ကရိတ်-ကျုံဒိုးမြို့အနီးအနားမှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကြား ပြီးခဲ့တဲ့ ဧပြီလပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ဒီကနေ့အချိန်အထိ ဆက်လက်ဖြစ်နေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် ပြည်သူသောင်းချီ ထွက်ပြေးနေရတာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.