မော်လမြိုင် ၊ မေ ၂၃

တိုင်းရင်းသားဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဌာနချုပ်တွေ မြို့တွေဆုံးရှုံးဖို့ မရှိသေးတဲ့ မွန်ပြည်နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုရှိအောင် လုံခြုံရေးတိုးမြှင့်နိုင်တယ်လို့ လေ့လာသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

မေ ၂၀ ရက်နေ့က စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ ရွေးကောက်ပွဲအောင်မြင်ရေး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ဖို့ ပြောသွားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဟာ အဓိကကျတာကြောင့် ရွေးကောက် ပွဲလုပ်လို့ရနိုင်တဲ့နေရာတွေအားလုံး တည်ငြိမ်အေးချမ်းမှုရှိအောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မဖြစ်သေးတဲ့ မွန်ပြည်နယ်ဟာ အခြားဒေသတွေလိုမျိုး လက်နက် ကိုင်တိုက်ပွဲတွေ မပြင်းထန်တဲ့အတွက် ၇၀ ရာခိုင်နှုန်း‌လောက် ရွေးကောက်ပွဲ လုပ်လို့ရနိုင်တဲ့ အ ခြေအနေပါ။

မွန်ပြည်‌တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက မွန်ပြည်နယ်ကို ဦးစားပေးပြီး စစ်ကောင်စီက လုံခြုံရေးတွေ တင်းကျပ်လာနိုင်တာမို့ မိုးတွင်းကာလဖြစ်လည်း နယ်မြေရှင်းလင်းရေးတွေ လုပ်လာမယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲတွေကျင်းပမယ်ဆိုလို့ရှိရင် မိုးတွင်းအခါကာလကနေစပြီးတော့ စစ်ကောင်စီတွေက စစ်ကြောင်းထိုးမှုတွေ ရှိလာမယ်။ နယ်မြေရှင်းလင်း‌ရေးတွေလုပ်လာမှာဖြစ်တယ်။ ဒါကြောင့်လည်းပဲ စစ်ကောင်စီက မွန်ပြည်နယ် အထူးသဖြင့် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ဘက်မှာ အင်အားအ လုံးအရင်းနဲ့ သင်တန်းဆင်းခါစ သူတို့ရဲ့ စစ်သားအသစ်တွေနဲ့ အင်အားတွေ ထပ်ဖြည့်ထားတာကို ကျွန်တော်တို့ ကြားသိရတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ မြို့ သိမ်းတိုက်ပွဲဖြစ်မလာသေးဘဲ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် စစ်ကောင်စီက ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ သုံးသပ်ထားတာပါ။

လက်ရှိမှာလည်း မွန်ပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားတဲ့ သထုံခရိုင်အပါအဝင် တောင်ပိုင်းက မြို့နယ်တွေမှာ တိုက်ပွဲကြီးကြီးမားမား ဆင်နွှဲနိုင်ခြင်းမရှိသေးတဲ့အတွက် စစ်ကောင် စီရဲ့ နယ်မြေစိုးမိုးမှုကလည်း လျော့ကျမသွားခဲ့ပါဘူး။

တပ်စခန်းတချို့မှာတော့ တော်လှန်ရေးအဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်မှုတွေရှိပြီး စစ်ကောင်စီဘက်ကလည်း ကျေးရွာတချို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိသလို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတာပါ။

ဒါကြောင့် NRFF ရဲ့ အစီရင်ခံစာကို ချိန်ထိုးကြည့်ရင် သန်းခေါင်စာရင်းအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မော်လမြိုင်၊ချောင်းဆုံနဲ့ ပေါင်မြို့နယ်တို့မှာ ရွေးကောက်ပွဲကို ရာနှုန်းပြည့်ကျင်းပနိုင်ပြီး ကျန်မြို့ နယ်တချို့မှာ လုံခြုံရေးတပ်ဖွဲ့ အကူအညီနဲ့ဖြစ်စေ အီလက်ထရွန်းနစ် မဲပေးစက်နဲ့ဖြစ်စေ အတိုင်း အတာတစ်ခုအထိ ကျင်းပနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ အထွေထွေရွေးကောက်ပွဲဟာ အီလက်ထရွန်းနစ် မဲပေးစက်နဲ့ အသုံးပြုမှာဖြစ်သလို ဇန်နဝါရီ ဒုတိယပတ်အထိ တစ်လအတွင်း အပိုင်းလိုက်ကျင်းပဖို့ လျာ ထားတာပါ။

နိုင်နဂါးကတော့ ရန်သူက သူတို့အလုပ် သူတို့ဆက်လုပ်နေမှာဖြစ်လို့ တော်လှန်ရေးကလည်း တော် လှန်ရေးပီပီလုပ်ဖို့ လိုတာမို့ ရွေးကောက်ပွဲမှာ ပါဝင်ကြသူတွေကို တာဝန်မယူနိုင်ဘူးလို့ ပြောပါတယ်။

“မိုးတွင်းမှာ မွန်ပြည်နယ်ဘက်က သိတဲ့အတိုင်းပဲ၊ သွားရလာရတာ ခက်ခဲပင်ပန်းပေမယ့် ရန်သူဘက်က မိုးတွင်းမှာတောင်မှ ထိုးစစ်ဆင်မယ်ဆိုရင် ကျွန်တော်တို့ဘက်က အဆင်သင့်ပဲပေါ့။ပြင် ဆင်မှုတွေတော့ လုပ်ထားတာရှိပါတယ်။ အဲဒါအပြင် ရွေးကောက်ပွဲကို မဖြစ်မနေ တော်လှန်ရေး အဖွဲ့အစည်းတွေက ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကတိပြုကြေညာထားပြီးဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲမှာ ပါဝင်ကြမယ့် ပြည်သူတွေ ပူးပေါင်းဝန်းရံကြမယ့် လူတွေအတွက်က ကျွန်‌တော်တို့ တာဝန်မယူနိုင်ဘူးလို့ ဒီနေရာကနေပြီးတော့ အပြီးကြိုပြောထားချင်တယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီက ပြည်နယ်အတွင်း စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပြည်မအခြေစိုက် ပါတီတချို့လည်း ပြည်နယ်အတွင်း စည်းရုံးဖို့ ရှိနေတာပါ။

ရွေးကောက်ပွဲကျင်းပရေးအတွက် တရုတ်နဲ့ ရုရှားနိုင်ငံတွေရဲ့ ထောက်ခံမှုကို စစ်ကောင်စီရရှိထားပေမယ့် စွန့်လွှတ်နယ်မြေတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနိုင်ဖို့ ခဲယဉ်းပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ဖိနှိပ်လို့ရနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မဆို ပြုလုပ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာရှိလာနိုင်တယ်လို့ ထောက်ပြကြပါတယ်။

CDM တပ်အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် စွန့်လွှတ်နယ်မြေတွေကို ရသလောက် ပြန်ယူဖို့ မိုးတွင်းကာလမှာ ထိုးစစ်နဲ့ လေကြောင်းပစ်ကူကို အရှိန်တိုးမြှင့်လာနိုင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media(File Photo)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.