ဘန်ကောက်၊ မေ ၂၂

ဘန်ကောက်မြို့မှာ Covid-19 ကူးစက်ခံရသူ ၆၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၃၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မေ ၁၁ ရက်ကနေ ၁၇ ရက်အထိ Covid-19 ကူးစက်ခံရသူ ၃၃၀၃၀ ဦးရှိပြီး အဲဒီကာလမတိုင်ခင် တစ်ပတ်ကထက် ၁၆၀၀၀ ပိုများလာတယ်လို့ ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနက ဆိုပါတယ်။

ဆူခိုထိုင်းနဲ့ ကန်ချာနာဘူရီမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ နှစ်ဦးရှိပြီး ရောဂါကူးစက်ခံထားရသူတွေထဲက ၁၉၁၈ ဦး ဆေးရုံတင်ထားရပါတယ်။

ဘန်ကောက်မှာ ကူးစက်လူနာ အများဆုံး ၆၂၉၀ ဦးရှိပြီး ချွန်ဘူရီမှာ ၂၅၇၃ ဦး၊ ရနောင်းမှာ ၁၆၈၀ ဦး၊ နောင်သာဘူရီမှာ ၁၄၈၂ ဦး၊ ဆာမွတ်ပရာခန်မှာ ၁၄၄၂ ဦးရှိတယ်လို့ သိရပါတယ်။

ရောဂါ ကူးစက်ခံထားရသူတွေထဲက အများစုဟာ အသက် ၃၀ နဲ့ ၃၉ နှစ်အရွယ်ကြားတွေ ဖြစ်တယ်လို့ ထိုင်းရောဂါ ထိန်းချုပ်ကာကွယ်ရေး ဌာနက ပြောပါတယ်။

ဒီလို ရောဂါကူးစက်မှု မြင့်တက်လာတာ သီတင်း ၁၁ ပတ် ဆက်တိုက် ဖြစ်နေပေမယ့် အခြေအနေက စိုးရိမ်စရာ မဟုတ်သေးဘူးလို့ ထိုင်းကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဒီနှုန်းအတိုင်း ရောဂါကူးစက်မှု ဆက် ဖြစ်နေမယ်ဆိုရင် လာမယ့် သီတင်းပတ်အတွင်း ရောဂါ ကူးစက်သူ အရေအတွက် နှစ်ဆ မြင့်တက်လာမှာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအချိန် ထိုင်းက ဆေးရုံကြီးတွေမှာ လူနာကုတင်တွေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေ အဆင့်ရှိနေဖို့ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

အထူးသဖြင့် အသက် ၄ နှစ်အောက် ကလေးငယ်တွေနဲ့ မသွားနိုင်မလာနိုင်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါ ရှိသူတွေကို ဆေးကုသပေးနိုင်ဖို့ အဓိကထား စီစဉ်ထားတယ်လို့ သိရပါတယ်။

အများပြည်သူ သွားလာရာနေရာတွေမှာ နှာခေါင်းစည်း တပ်ကြဖို့နဲ့ ဖျားတာ ဒါမှမဟုတ် ရောဂါ လက္ခဏာ တစ်ခုခု ပြလို့ရှိရင် ကိုဗစ် ကူးစက်ခံထားရတာ ဟုတ်၊ မဟုတ် စစ်ဆေးကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.