ကျိုက်ထို၊ မေ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေ အိမ်ရာနဲ့ချီ ဖောက်ထွင်းထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေး မှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကစလို့ ဝင်းကံကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတာပါ။

အဲဒီစစ်ကြောင်းဟာ လက်ရှိမှာတော့ ဝင်းကံကျေးရွာအတွင်းရှိ နေအိမ်ရာနဲ့ချီကို ဖောက်ထွင်းပြီး အိမ်ထောင်ပရိဘောဂတွေအပါအဝင် တန်းဖိုရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

နေအိမ်ဖောက်ထွင်းခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေ ၂၀ ရက်နေ့ကလည်း KNU ဝင်းကံကျေး ရွာအုပ်ချုပ်ရေးမှူး ဇဖားဇီးကွက်ရဲ့မိခင်နေအိမ်အပါအဝင် နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်ထိ ဝင်းကံကျေးရွာအတွင်း ဆက်လက်တပ်စွဲထားတဲ့အ တွက် နေအိမ်ဖောက်ထွင်းခံရတဲ့ အရေအတွက်နဲ့ ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုး စာရင်းမပြုစုရသေးဘူးလို့ ဆိုပါတယ်။

ဝင်းကံကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဆက်လက်တပ်စွဲထားတဲ့ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ မေလပထမအပတ်ကစလို့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့အတူ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၇၀၀၀ ကျော် စစ်ရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.