မော်လမြိုင်၊ မေ ၁၈

မွန်ပြည်နယ်မှာ စစ်ကောင်စီဖွင့်လှစ်မယ့် စစ်မှုထမ်းအပတ်စဉ် ၁၃ သင်တန်းအတွက် လူငယ် ၁၄၀ နီးပါး စစ်သားစုဆောင်းခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို မေ ၁၇ ရက်နေ့က မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေခံသင်တန်းကျောင်းမှာ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က သွားရောက်တွေ့ဆုံခဲ့တာပါ။

စစ်မှုထမ်း တပ်သားစုဆောင်းခံရတဲ့ အရေအတွက်ကို စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံတွေအရ စစ်သားစုဆောင်းခံရတဲ့ လူငယ် ၁၄၀ နီးပါး ရှိပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၁၃ သင်တန်းအတွက် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးခံရပြီးနောက် တပ်သားစုဆောင်းခံရသူ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် အသက်အရွယ် မပြည့်သေးသူတွေကို စစ်မှုထမ်း မခေါ်ယူဖို့ ပြောဆိုနေပေမယ့် ဒေသတွင်းမှာတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေအပြင် ကျန်းမာရေး မကောင်းတဲ့ လူငယ်တွေကိုပါ တပ်သားသစ် စုဆောင်းတာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၂ အထိ ဒေသတွင်းက လူငယ် ၂၁၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.