တနင်္သာရီ၊ မေ ၁၇
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စခန်းသိမ်းတိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၅၃၀၀ ကျော်အထိရှိခဲ့တယ်လို့ ဒေသတွင်း သု တေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။
နယ်မြေစိုးမိုးမှုပြန်ရဖို့ စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးတွေကို ဆက်တိုက်စစ်ကြောင်း ထိုးတာနဲ့ ရေနက်ဆိပ်ကမ်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်မှုတွေအပြင် စခန်းသိမ်းတိုက်ပွဲဖြစ်ပွားတာတွေကြောင့် ဧပြီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ရေးပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ အ ရပ်သား ဖမ်းဆီးသတ်ဖြတ်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ အရေအ တွက် ပိုများလာခဲ့တာပါ။
တစ်ဖက်မှာလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းအတွင်းရှိ အချို့ စစ်ရှောင်တွေဟာ ငှက်ဖျား၊ ဝမ်းရောဂါ၊ ရေပြားရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အဖြစ်များနေပြီး ဆေးဝါး မလုံလောက်နဲ့ ကြုံတွေ့နေရတယ်လို့ FE5 Thanintharyi ရဲ့ ကိုကျော်ဆန်းမင်းက ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အရပ်သားပြည်သူ အနည်းဆုံး ၃၄၃၀၀ ကျော်ရှိခဲ့ပါတယ်။
မြိတ်ခရိုင်မှာလည်း တိုက်ပွဲဖြစ်ပွားမှု၊ ရေကြောင်း နဲ့လေကြောင်းတိုက်ခိုက်ခံရတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၄၁၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ ရက်ရှည်စစ်ဘေး ရှောင်လာရတဲ့ ဒေသခံတွေဟာ မိုးတွင်းအချိန်မှာ အမိုးအကာ မလုံလောက်မှုကြောင့် ပိုမိုဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစုဟာ ကိန်းသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက် အပြောင်းအလဲ ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၆၈၄၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဒေါန-တနင်္သာရီစစ်ဘေးရှောင်ကူညီရေးအဖွဲ့