လှိုင်းဘွဲ၊ မေ ၁၈

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မဆုတ်တမ်းခံစစ်စခန်း လေးခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ မေ ၉ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ တခေါ်ဘီခွီးစစ်စခန်းနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထီးခီးဗျူဟာစခန်းတို့ကို တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

မေ ၁၃ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို ပြန်လည်သိမ်းပိုက်ခဲ့နိုင်ခဲ့တာ ဖြစ်ပြီး တာလယ်ဗျူဟာစခန်းဟာ စစ်တပ်အ တွက် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ စတင်တပ်စွဲခဲ့တဲ့ တာလယ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်ပေါင်း ၃၆ နှစ်အကြာမှာ ပြန်လည်သိမ်း ပိုက်နိုင်ခဲ့တာပါ။

မေ ၁၆ ရက်နေ့ကလည်း ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ မော်ကွီးလုစခန်းကို သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စစ်တပ်စခန်း လေးခု တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.