ထားဝယ်၊ မေ ၁၇

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ပြည်သူစစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားနှစ်ဦး အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ(၇) – Launglone Peninsula Force က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ နှစ်ဦးဟာ ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် ခလရ ၂၇၃ က တပ်သား ရန်ရှင်းနဲ့ မြိတ်မြို့အခြေစိုက် ခမရ ၁၀၁ က တပ်သား သူရဝင်းတို့ ဖြစ်ပြီး မေ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တို့မှာ အလင်းဝင်လာတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ထားဝယ်အရှေ့တောဒေသကို စစ်ဆင်ရေးလိုက်ပါလာစဉ် ချိတ်ဆက်အလင်းဝင်ခဲ့တာလို့ ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ(၇) – Launglone Peninsula Force တပ်ခွဲတာဝန်ရှိသူတစ်ဦး သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီထဲမှာ တပ်သားရန်ရှင်းဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ရနောင်းကတဆင့် ကော့သောင်းပြန်ပို့စဉ် စစ်သားစုဆောင်းခံရတာဖြစ်သလို တပ်သားသူရဝင်းက ပဲခူးမြို့ကနေ အိမ်မှာရှိနေချိန် ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးအနက် တပ်သားရန်ရှင်းက MA-1 သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်တောင့် ၂၀၀ တောင့်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၄၀ ၊ လက်နက်မဲ့အလင်းဝင်လာသူကို ကျပ် ၁၀ သိန်း ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို နေထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်လိုသူ တပ်သားတစ်ဦးကိုတော့ ပို့ဆောင်ပေးလိုက်ပြီလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါနတပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.