“တချို့ နေရာတွေဆို ဆေးရုံဆေးခန်း မရှိသေးလို့ အသက်ဆုံးရှုံးရတာတွေ ရှိနေပါသေးတယ်။ ရောဂါအခံရှိသူတွေ နာတာရှည်ရောဂါရှိသူတွေလည်း အခက်အခဲရှိတယ်လို့ ကြားသိရပါတယ်။” – နော်ချယ်ရီ (KPSN ပြောခွင့်ရ)

မေလ ၇ ရက်နေ့ ရက်စွဲနဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN အပါအဝင် ကရင်အရပ်ဖက် အဖွဲ့ ၂၀ က ထိုင်း-မြန်မာနယ်စပ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းရှစ်ထောင်အထိ ရှိလာပြီး အစားအစာ ထောက်ပံ့မှု ဖြတ်တောက်ခံထားရလို့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြောင်း ထုတ်ပြန် ပြောဆိုထားပါတယ်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်က သိန်းချီတဲ့ စစ်ရှောင်တွေ ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရလဲ။ အခုလိုမျိုး စစ်ဘေးရှောင် အရေအတွက် တိုးများလာရတဲ့အကြောင်းအရင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် တုံ့ပြန်ချက်တွေအကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီ နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – ပထမဦးဆုံးအနေနဲ့ မေ ၇ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ KPSN အပါအဝင် ကရင်အရပ်ဖက် အဖွဲ့ ၂၀ ရဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ အဓိကအချက်တွေကို ရှင်းပြပေးပါဦး။

ဖြေ – KPSN နဲ့ အခြားသော ကရင် အရပ်ဖက်အဖွဲ့အစည်း၂၀ စုပေါင်းပြီး ဒုက္ခသည်အရေး နဲ့ပက်သက်ပြီး စားနပ်ရိက္ခာတွေ လျှော့ချတဲ့အတွက် အကူအညီတွေ လိုအပ်ကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ထားခဲ့တယ်။

ထိုင်းမြန်မာနယ်စပ်ဆိုရင် ကရင်နီဒုက္ခသည်လည်း ပါတာပေါ့။ ဒါပေမယ့် ကျွန်မတို့က ကရင်ဒုက္ခသည်စခန်းတွေကို အဓိကထားပြီး ဒုက္ခသည်ပေါင်း တစ်သိန်းရှစ်ထောင်ကို သူတို့စခန်းထဲနေရတာ ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်တကြီး တင်ပြလာတဲ့အပေါ် နိုင်ငံတကာက ကရင်လူထုအဖွဲ့တွေနဲ့ပေါင်းပြီး ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။

အရင်ကမိသားစုတစ်ခုက ဆန် အနည်းဆုံး တစ်ပုံးသို့ နှစ်ပုံးရကြတယ်။ ပဲ၊ ဆန်၊ ဆီ၊ ဆား ပြည့်ဝစွာ ရကြတယ်။ ၅၃ ဘတ်လောက်ပဲရတော့တယ်။ ဆန်တစ်ပုံးတောင် မရတော့တဲ့ အနေအထားပေါ့။ မိသားစု တစ်စုအတွက် အင်မတန် ခက်ခဲနေတဲ့ အခြေအနေကြုံတွေ့နေရတယ်။

ဝင်ငွေကလည်း မရှိ လစဉ် ဘာနဲ့သုံးကြမလဲ။ အပြင်ထွက်ဖို့ရာလည်း ခက်နေတယ်။ ဝင်ငွေကလည်း မရှိဆိုတော့ ဘယ်ပိုက်ဆံနဲ့ သူတို့သုံးစွဲကြမလဲပေါ့။ မေးခွန်းထုတ်ရမယ်။ ဒီလိုစားနပ်ရိက္ခာတွေ လျှော့ချလိုက်လို့။ သူတို့နေရပ်ကို ပြန်ချင်ပေမယ့် ပြန်လို့မရတဲ့ အခြေအနေမှာ စကစတွေဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်။

တချို့ခရိုင်တွေဆို တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ။ ဘယ်လိုမှ ပြန်လို့မရဘူး အိုးအိမ်တွေလည်း မရှိတော့ဘူး။ ဆေးရုံ၊ ဆေးခန်း၊ ကျောင်းတွေကို အစ ပစ်ခတ်နေလို့ ပြန်ချင်ပေမယ့် ပြန်လို့မရဘူးဆိုတာ ကြေညာချက်မှာ ဖော်ပြထားတယ်။

မေး – လက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခရိုင် ၇ ခုထဲမှာ စစ်ဘေးရှောင် ၁ သန်းကျော် လာပြီလို့ CIDKP က ဖော်ပြထားပါတယ်။ စစ်ရှောင်တွေ နေရပ်စွန့်ခွာလာမှု များပြားလာတဲ့ အဓိကအကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။ အဲဒီစစ်ရှောင်တွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲ။

ဖြေ – ဒီ KNU ထိန်းချုပ်နယ်မြေ ခရိုင်၇ ခုမှာ ဆိုရင် စစ်ရှောင်အားလုံးပေါင်း တစ်သန်းကျော်နေပြီပေါ့လေ။ အထူးသဖြင့် ညောင်လေးပင်ခရိုင်နဲ့ဒူးပလာယာခရိုင်၊ ညောင်လေးပင်ခရိုင်ဆို လူနေထူထပ်တဲ့ ခရိုင်ဖြစ်တယ်။

ဒူးပလာယာမှာဆိုရင် ဧပြီ၁၄၊ ၁၅၊ ၁၆ ရက် တောက်လျှောက် ဒေါနတောင်တန်း ကျိုက်ထိုကနေ အာရှလမ်းမတလျှောက် တိုက်ပွဲတွေက အပြင်းအထန် ဖြစ်ပွားတဲ့နေရာတွေ ဖြစ်တယ်။

စစ်ရှောင်တွေ ထပ်တိုးလာတာက တချို့နေရာတွေဆို တိုက်ပွဲတွေ မရှိဘဲ ဗမာစစ်တပ်တွေက အကြောင်းမဲ့ သက်သက် လေကြောင်းဗုံးကြဲတာတွေ လုပ်တယ်။ လက်နက်အကြီးကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်တယ်။ စစ်တပ်က ပစ်တဲ့နေရာကလည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေ မဟုတ်ဘူး။

လူထုတွေ စုဝေးတဲ့နေရာ ဘာသာရေးကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်း ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်း၊လူထုစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို အကြောင်းမဲ့ ပစ်ခတ်နေလို့ ပြည်သူလူထုက မနေရဲတော့ဘူး တောထဲမှာ သွားနေရတာဖြစ်တယ်။

မေး – စစ်ရှောင် ၁ သန်းကျော်ထံ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိမှုတွေရော ဘယ်လိုရှိပါသလဲ။ မြေပြင်မှာ လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ကူညီပို့ပေးတာ ဘယ်လိုအခက်အခဲနဲ့ ကြုံနေရလဲ။

ဖြေ – ခရိုင် ၇ ခုလုံးမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ လူဦးရေတစ်သန်းကျော်ဟာ တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သူတို့ ပြန်လို့မရသေးဘူး လူဦးရေတစ်သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေ ရောက်လာဖို့ကလည်း မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတယ်။

အမြန်သွားချင်ပေမယ့် တချို့ဂိတ်တွေက စစ်ဆေးမှုတွေ အမျိုးမျိုးနဲ့လည်း ကြုံနေရတာပေါ့။ KPSN အဖွဲ့တွေ အားလုံးက ကျန်းမာရေးနဲ့ဆေးဝါးစောင့်ရှောက်မှုတွေ ရောက်ဖို့အတွက် နည်းလမ်းအမျိုမျိုးနဲ့ သူတို့လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါးတွေ နိုင်သလောက်ပေါ့။ KNU ဘက်ကခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ဘာတွေလိုအပ်လဲ မေးမြန်းပြီး ကူညီပေးတာရှိတယ်။

ဒီစစ်ရှောင်တွေ တိုးလာတဲ့ ဒီ ဒူးပလာယာ ခရိုင်မှာဆိုရင် စစ်ရှောင်နေတဲ့လူဦးရေဟာဆိုရင် ငါးသောင်းကျော် ရှိတယ်။ အဲဒီအတွက် ကျွန်မတို့တွေ ရန်ပုံငွေ လိုအပ်ပါတယ်ဆိုတာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ခရိုင်လူကြီးတွေကို ဆက်သွယ်မေးမြန်းပြီး ဘာတွေလိုအပ်လဲဆိုတာ အစားအစာ ဒီ ၅၄ မီလီယံကလည်း ၃ လစာအတွက် ဆန်ဆိုပြီးတော့ လူဦးရေပေါ့။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တပ်မဟာ ၆ မှာဖြစ်သွားတဲ့ တိုက်ပွဲကြောင့် ၅၄ သန်း လိုပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီငွေကလည်း KPSN ကိုပဲ လာရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ကျွန်မတို့ မန်ဘာအဖွဲ့အစည်းတွေ ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ အမိုးအကာရရေးအတွက် ချက်ပြုတ်ရန်အတွက် အိုခွက်၊ ရေချိုးဆပ်ပြာ၊ မိုးတွင်းမှာ ခြင်ရောက်လာလို့ ဖျာတွေ၊ ခြင်ထောင်၊ စောင်တွေ၊ အမျိုးသမီးသုံး တစ်ကိုယ်ရည်တွေလည်း လိုအပ်တယ်။

အကူအညီက လိုအပ်ချက်တွေ အများကြီးရှိတယ်။ ရေတိုအတွက်ရော ရေရှည်အတွက်လည်း အများကြီးလိုပါတယ်လို့ ပြောပြချင်ပါတယ်။

မေး – စစ်ရှောင် ၁ သန်းကျော်ထဲက ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေနဲ့ ကလေးငယ်တွေ လက်ရှိမှာ သူတို့တွေရဲ့ အခြေအနေ ဘယ်လိုကြားသိရလဲ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆေးဝါး စားနပ်ရိက္ခာတွေ လုံလုံလောက်လောက် ရရှိမှု ရှိပါသလား။

ဖြေ – ဒီစစ်ရှောင် လူဦးရေ တစ်သန်းကျော်ထဲမှာ လူဦးရေ မျိုးစုံပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကလေးငယ်တွေ ပါတယ်။ မသန်စွမ်းတွေပါတယ်။ ဒီအခြေအနေကို ပြီးခဲ့တဲ့ ၁ လပိုင်းက ကွင်းဆင်းလေ့လာချက်အရ တွေ့ရတာ။

လူသားချင်းမစာနာတဲ့ လူတစုကြောင့် အပြစ်မဲ့ပြည်သူတွေ ထွက်ပြေးရတယ်။ အသက်ကြီးသူတွေလည်း တိမ်းရှောင်နေရတယ်။ ကိုယ်ဝန်ဆောင်တွေဆိုလည်း ဆေးဝါးကုသမှုတွေလည်း မရရှိဘူး။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အခါမှာ ဆေးရုံ၊ ဆေးခန်းတွေကို လိုက်ဖျက်ဆီးနေတာ။ အပြစ်မဲ့ ပြည်သူတွေကို လိုက်ပစ်ခတ်နေတာ လုံးဝလူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။

စားနပ်ရိက္ခာလည်း လုံလုံလောက်လောက်လည်း မရရှိနေဘူး။ ကျွန်မတို့ရဲ့ မန်ဘာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဘယ်လိုနည်းနဲ့ကူညီကြမလဲ အရေးပေါ်လိုရင်လိုသလိုပေါ့။ ကျွန်မတို့က ကူညီပြီးတော့ ဝိုင်းဖြေရှင်းတာတွေရှိတယ်။ အဲဒါလည်း ဆက်လက်လုပ်ဆောင်နေတယ်။ ဒါကရေတိုအတွက်ပဲ ဖြစ်နေသေးတယ်။

ရေရှည်အတွက်က ဘယ်လိုဆက်လုပ်ရမလဲ အပိုင်းကတော့ ဒါနောက်တစ်ခန်းပေါ့။ ဆေးဝါးကုသမှုတွေလည်း အများကြီး လိုနေပါသေးတယ်။ တချို့ နေရာတွေဆို ဆေးရုံဆေးခန်း မရှိသေးလို့ အသက်ဆုံးရှုံးရတာတွေ ရှိနေပါသေးတယ်။ ရောဂါအခံရှိသူတွေ နာတာရှည်ရောဂါရှိသူတွေလည်း အခက်အခဲရှိတယ်လို့ ကြားသိရပါတယ်။

မေး – လက်ရှိမှာလည်း စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးတွေသုံးပြီး လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုတွေက ပိုမို ကျုးလွန်လာနေတာ တွေ့ရပါတယ်။ ဒီစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက် လုပ်ဆောင်မှုအပေါ် ဘာများပြောချင်ပါသလဲ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ကလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘာများလုပ်ဆောင်သင့်ပါသလဲ။

ဖြေ – စစ်အာဏာသိမ်း ဒီလေးနှစ်လုံးမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးက တွေ့မြင်ရပြီ ခံလည်းခံစားရကြပြီ။ တစ်နိုင်ငံလုံးကလည်း စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ပူးပေါင်းပါဝင်ကြတယ်။ ကျွန်မပြောပြချင်တာက ကရင် ပြည်သူလူထုကဆိုရင် စစ်အာဏာရှင်ကို ဖြုတ်ချရန်အတွက် တော်လှန်ရေးလုပ်ခဲ့တာ နှစ်ပေါင်း ၇၀ ကြာခဲ့ပြီ။

ကျွန်မတို့ကရင်လူထု ခံစားနေရတာ ဒုက္ခပြသာနာကဆိုရင် ဘယ်လောက်ထိ ရှိနေခဲ့သလဲ။ ဒုက္ခသည်ထဲမှာ မနေချင်ပဲ နေနေရတဲ့သူတွေ စစ်မရှောင်ချင်ပဲ ရှောင်နေရသူတွေ အများအပြား ရှိတယ်ဆိုတာကို ကျွန်မပြောပြချင်တယ်။ မြင်စေချင်တယ်။ သိစေချင်တယ်။ ခံစားစေချင်တယ်။

တချို့ဆို ဒုက္ခသည်စခန်းမှာပဲ ဘဝကူးသွားတယ်။ သေဆုံးသွားသူတွေ အများကြီးရှိတယ်။ လူမဆန်တဲ့ လူတစုရဲ့ လုပ်ရပ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့ရတယ်။

အမျိူးသမီးတွေကိုလည်း လက်နက်အင်အား အသုံးချပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး ကြုံတွေ့ရတယ်။ ကျွန်မတို့တွေလိုပဲ စစ်အာဏာသိမ်း လေးနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအဖွဲ့တွေကလည်း မြင်ပြီး သိပြီးနေပြီ။ မင်းအောင်လှိုင်ကို အရေးယူစေချင်တယ် မြန်မြန်လေး။

CSO အဖွဲ့အစည်း NUG အပါအဝင် အချက်အလက်အကုန်လုံးစုဆောင်းပြီး တင်ပြပြီးပြီ။ ဒါကိုအခုထိ အရေးမယူသေးတဲ့အခြေအနေကို မြင်ရတော့ ဒါကိုတော်တော်လေး စိတ်ပျက်မိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ငါတို့တွေ အခုဆို မြန်မာနိုင်ငံမှာ ဒီပဲယင်းမြို့မှာ ဖြစ်သွားတဲ့ အခြေအနေ ကလေးတွေ ဘာအပြစ်တွေများရှိလို့လဲ ဆိုတဲ့ မေးခွန်းတွေပေါ့။ စိတ်မကောင်းဖြစ်ရတယ်။

ဘာကြောင့် ဂရုမစိုက်ဘဲ နေရလဲဆိုတဲ့ အသံအပြင် အော်ခေါ်နေဆဲ ကူညီပေးဖို့ရန် ဒီ UN ရော ကျွန်မတို့အသံကို များများ နားထောင်ပေးပါ။ မြန်မြန်အရေးယူပေးပါ ။လူဘယ်နှစ်ယောက်လောက် ထပ်သေမှ မြန်မာပြည်သူလူထုအသံကို နားထောင်ပေးမလဲ နားထောင်နိုင်မလဲ မေးချင်တယ်။

မေး – ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

ဖြေ – လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ နိုင်ငံတကာက သိရှိပြီးဖြစ်တယ်။ အဲဒါကို ကျွန်မတို့ မြန်မာနိုင်ငံက လျစ်လျုရှု အပယ်ခံ ဖြစ်နေရတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ထပ်မံပြီး တိုက်တွန်းပြောချင်တယ်။ ကျွန်မတို့ ကလေးတွေ အော်ခေါ်နေတဲ့ အသံတွေကို နားထောင်ပေးပါ။ ကျွန်မတို့ကလည်းအစွမ်းရှိသလောက် ကျွန်မတို့ ပြည်သူလူထုကို ကာကွယ်ပေးနေတယ်။ အဲဒါကိုလည်း သိစေချင်တယ်။

ကျွန်မတို့ အစွမ်းအစရှိသလောက် ကျွန်မတို့ပြည်သူလူထုတွေ ကျွန်မတို့ ဆက်လက်ပြီးတော့ ကာကွယ်နေတယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတယ်။ အဲဒါကိုလည်း ကျွန်မသိစေချင်တယ်။

ကျွန်မတို့က ဒီအတိုင်းမနေနေဘူး။ အစွမ်းအစရှိသလို ကျွန်မတို့တွေက အင်တိုက်အားတိုက် စွမ်းဆောင်နေတယ်။ ဆက်လက်ပြီး ကျွန်မတို့ဘက်က ရပ်တည်ပေးဖို့ ဒီစစ်အာဏာရှင်ကို ဖြုတ်ချပေးဖို့ အသံတစ်သံတည်း ရှိစေချင်တယ်ဆိုတာကို ဖြည့်စွက်ပြီးတော့ ပြောပြချင်တယ်။

ဒီထက်ပြီးတော့ လူသားချင်းစာနာမရှိတဲ့ လုပ်ရပ်တွေကို ဆက်မကျူးလွန်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ နောက်ထပ်မဖြစ်ပေါ်အောင် ကျွန်မတို့တွေ အသံထွက်နေသလို အဖက်ဖက်မှာရှိနေတဲ့လူတွေလည်း ကျွန်မတို့နဲ့ ရပ်တည်ပေးဖို့ ကျွန်မပြောပြချင်ပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.