ဒီပဲယင်း၊ မေ ၁၅

အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း အရပ်သား ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကြိမ်ရေ ၈၀ ထက်မနည်းရှိလာပြီး အရပ်သား ၁၆၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ ISP-Myanmar က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အစုအပြုံလိုက်သေဆုံးခဲ့မှုတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ချိန် မီးရှို့သတ်ဖြတ်တာ၊လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းတို့ ပါဝင်ပါတယ်။

ဖြစ်စဉ်တွေဟာ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာဖြစ်ပွားခဲ့ပြီး အများစုက စစ်ကိုင်းတိုင်းမှာ ဖြစ်ပါတယ်။ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့ နယ်၊အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုနဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ထွန်းရဝေရွာ လေကြောင်းတိုက်ခိုက်ခံရမှုတို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်ရပ်ကြေညာပြီး တစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးတိန်တွင်းနဲ့ ထွန်းရဝေဖြစ်စဉ်အပါအဝင် အရပ်သား ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သေဆုံးမှုဖြစ်စဉ် ခြောက်ခုထက်မနည်းရှိခဲ့တာပါ။

အဲဒီဖြစ်စဉ် ခြောက်ခုစလုံးဟာ အရပ်သားတွေ နေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အရပ်သား ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၇၄၁ ကြိမ်ထက်မနည်းရှိခဲ့ပြီး အဲဒီပမာဏရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ဧပြီ ၂ ရက်နေ့ အပစ်ရပ်ကြေ ညာပြီးနောက် တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီက ကချင်၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်က စစ်ရေး တင်းမာနေတဲ့ နေရာတွေအပြင် ပဋိပက္ခ လုံးဝမရှိတဲ့ မြို့ရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေပြီး ကချင် ပြည်နယ်က အများဆုံးတိုက်ခိုက်ခံခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဟာ တိုက်ခိုက်ရေးလေယာဉ်အပါအဝင် ဒရုန်းနဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ရာမှာ စစ်ရေးပစ်မှတ်တွေအပြင် စစ်ကောင်စီ ထိန်းချုပ်နိုင်မှုမရှိတော့တဲ့ ဒေသတွေက လူနေရပ်ကွက်၊ ကျေးရွာ၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေလည်း ပါဝင်တယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.