ရေး၊ မေ ၁၅
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ် ရေးဒေသမှာ စစ်ကောင်စီဘက်က ရေလမ်းကြောင်းကနေတဆင့် တပ်အင်အား ဆက်တိုက်ဖြည့်တင်းလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလကစလို့ ရေးမြို့နယ်ထဲကို တစ်လလျှင် သုံးကြိမ်လောက် ရေ လမ်းကြောင်းကတဆင့် အခြေစိုက်တပ်ရင်းတွေထံ တပ်အင်အားတွေ ဆက်တိုက်ဖြည့်တင်းနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ တပ်သားအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်ရာမှာ ဇီးဖြူသောင်ကျေးရွာရှိ ပန်ဒါဆိပ်ကမ်းကို အများဆုံး အသုံးပြုနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရောက်ရှိလာတဲ့ တပ်အင်အားတွေကိုတော့ ရေးအခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်ထံ ပို့ဆောင်ပြီးမှ အခြေစိုက်တပ်ရင်းတွေထံက ပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်အရ စစ်ကောင်စီတပ်ရဲ့ တပ်အင်အားဖြည့်တင်းမှုမှာ စစ်မှုထမ်းသင်တန်း ဆင်းတပ်သားတွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ စစ်ကောင်စီရဲ့ တပ်အင် အား ဖြည့်တင်းမှုဟာ မိုးတွင်းကာလရောက်တော့မှာဖြစ်လို့ ရေလမ်းကနေသွားလာဖို့ အခက်အခဲ ရှိတာကြောင့် အခုလို ကြိုတင်ဖြည့်တင်းလာတာလို့ ပြောပါတယ်။
ရေး-သံဖြူဇရပ်လမ်းပိုင်းပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက နေရာအချို့ကို စိုးမိုးထားတာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကုန်းလမ်းကြောင်းကို အသုံးမပြုကြဘဲ ရေလမ်းကိုသာ အဓိက အားထားပြီး သွားလာနေကြတာပါ။
တော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးမှုအားကောင်းလာတဲ့ ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီက တပ်အင်အားတွေဖြည့်တင်းတာ၊ တပ်ရင်းတွေနဲ့ အထိုင်စခန်းတွေမှာ ခံစစ်ပြင်ဆင်တာတွေ ပိုမိုပြုလုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ