ကျိုက်ထို၊ မေ ၁၄

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် စစ်ကောင်စီဘက်က နေ့စဉ် ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာပါ။

အထူးသဖြင့် စစ်ကောင်စီဟာ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းအနီး ပတ်ဝန်းကျင်မှာရှိတဲ့ ကွမ်းဆိပ်၊ ဝင်းကံ၊ ညောင်ခြေထောက်၊ ရှမ်းစုကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် ၂၇ စစ်ဗျူဟာ ၊ တောင်ပိုင်းစစ်ဒေသခွဲ တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ်ဟာ ခမရ ၅၉၈ စခန်းတိုက်ပွဲကာလနဲ့ စခန်းသိမ်းတိုက်ပွဲပြီးနောက် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် ပြုလုပ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က ကျေးရွာတွေဖြစ်တဲ့ ဝင်းကံကျေးရွာနဲ့ ကွမ်းဆိပ်ကျေးရွာအနီးပတ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) သထုံခရိုင်ရဲ့ အချက်အလက်တွေအရ အခု မေ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာပြီး နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က ကျေးရွာပေါင်း ၂၀ ထက်မနည်း လူဦးရေ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်မှု ဆက်လက်မြင့်တက်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.