ဒီပဲယင်း၊ မေ ၁၃
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေစာနဲ့ရုပ်သံတွေမှာ လိမ်လည်ငြင်းချက်ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲမှုအပေါ် ငြင်းချက်ထုတ်ပြန်လာတာပါ။
ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ မနေ့ မနက်ပိုင်းမှာ အိုးထိန်းတွင်းကျေးရွာ စာ သင်ကျောင်း လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် သေဆုံးသူ ၂၂ ဦး ၊ ဒဏ်ရာရသူ ၆၀ ကျော်အထိ မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲမှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေ အများဆုံးပါဝင်ပြီး သူတို့ကိုတော့ မနေ့ ညနေပိုင်းမှာ မြေမြှုပ်သဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်က စကားပြောခွင့်ရခဲ့တဲ့ ဒေသခံသုံးဦးကလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းပေါ်တည့်တည့်ပေါင် ၅၀၀ ဗုံးကြဲချသွားခဲ့တာဖြစ်ပြီးကျောင်း ဖွင့်ချိန်ဖြစ်လို့ ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန လက် အောက်ခံ ကြားကာလပညာရေးကျောင်း တစ်ကျောင်းဖြစ်ပြီး အညာဒေသမှာတော့ စစ်ရေးအခြေ အနေတွေကြောင့် စာသင်ကျောင်းဖွင့်လှစ်မှု အချိန်မတူကြဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့