မော်လမြိုင် မေ ၁၃

အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားမီဒီယာတွေဟာ ငွေကြေးထောက်ပံ့မှု၊ လုံခြုံရေးအခက်အခဲ၊ သတင်းပေးပို့/ထုတ်လွှင့်မှုဆိုင်ရာအခက်အခဲတွေ ကြုံနေရတယ်လို့ နိုင်ငံတကာ မြန်မာသတင်း (BNI) အယ်ဒီတာ ဘုတ်အဖွဲ့ဝင် နန်းဖောဂေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြီးခဲ့တဲ့ မေ ၅ ရက်ကနေ ၇ ရက်နေ့အထိ BNI က ကြီးမှူးပြီးတော့ နဝမအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို မြန်မာနိုင်ငံပြင်ပ တစ်နေရာမှာ ကျင်းပခဲ့ကာ တိုင်းရင်းသားမီဒီယာတွေ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီညီလာခံကို တက်ရောက်လာခဲ့ကြတဲ့ သတင်းသမားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ မီဒီယာ ပံ့ပိုးရေးအဖွဲ့အစည်းတွေက လတ်တလော အကြီးမားဆုံး ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအကျပ်အတည်းအပါအဝင် တခြားအခက်အခဲတွေကို ဆွေးနွေး အကြံပြုခဲ့ကြတယ်လို့ BNI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ တိုင်းရင်းသား မီဒီယာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ဆွေးနွေးချက်နဲ့ ပတ်သက်လို့ BNI အယ်ဒီတာ ဘုတ်အဖွဲ့ဝင် နန်းဖောဂေက “လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေက သက်ဆိုင်ရာနေရာဒေသအသီးသီးကနေ မီဒီယာလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဘဏ္ဍာရေးအခက်အခဲ ပိုပို ကျပ်တည်းလာတဲ့အပိုင်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းတွေကို ၃ ရက်တာမှာ ဆွေးနွေးခဲ့ကြပါတယ်။ မီဒီယာအသီးသီးကလည်း အလှူရှင်ရဲ့ ထောက်ပံ့ကူညီမှုတွေအပြင် ဌာန ရေရှည်ရပ်တည်ရေးအတွက် Digital Revenue လို ကိုယ်ပိုင်ဝင်ငွေရရှိဖို့ နည်းလမ်းရှာ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။” လို့ ဆိုပါတယ်။

သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေ ပြင်ဆင်ရေးဆွဲရာမှာ အနာဂတ်ကာလ ပေါ်ပေါက်လာနိုင်မယ့် အောက်ခြေမှ အထက်သို့ (Bottom Up Federalism) ပုံသဏ္ဌာန်ကို အခြေခံဖို့ ညီလာခံမှာ ဆွေးနွေးခဲ့ကြတာပါ။

BNI အယ်ဒီတာ ဘုတ်အဖွဲ့ဝင် နန်းဖောဂေက ” ၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ သတင်းမီဒီယာ ဥပဒေက ဗဟိုချုပ်ကိုင်မှု ပုံစံဖြစ်ပြီးတော့ တကယ်တမ်း တိုင်းဒေသကြီး ပြည်နယ်ဒေသတွေအထိ သက်ရောက်စေတာမျိုး မရှိခဲ့တာမို့ ပြည်နယ်/တိုင်းဒေသဆိုင်ရာ သတင်းမီဒီယာ ဥပဒေတွေ ရှိသင့်တယ်။ အဲဒီဥပဒေတွေ ရေးဆွဲပြဌာန်းနိုင်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။ Bottom Up ဆိုတဲ့အတိုင်း တိုင်းဒေသ ပြည်နယ်ဒေသကို အခြေခံရာကနေ ပြည်ထောင်စုအဆင့်ပုံစံမျိုး စဉ်းစားချက်ရှိလို့ ပါဝင် ဆွေးနွေးဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ညီလာခံအတွင်း တခြား ဆွေးနွေးချက်တွေထဲမှာတော့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာအခန်းနဲ့ မီဒီယာကောင်စီ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာ တာဝန်ရှိအဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ အစိုးရနဲ့ ကင်းလွတ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်စေဖို့၊ တိုင်းရင်းသား လူမျိုးစုတွေ တခြား စုံလင်ကွဲပြားတဲ့အုပ်စုတွေ ပါဝင်စေဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.