မော်လမြိုင် ၊ မေ ၁၁
မိုင်းခွဲဖျက်ဆီးခံရတဲ့ ရထားလမ်း ပြန်လည်ပြင်ဆင်မှု ပြီးစီးသွားပြီးဖြစ်တဲ့အတွက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို မေ ၁၀ ရက်နေ့ကစလို့ ပြန်လည်ပြေးဆွဲနေပြီလို့ မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားရှိ ရထားလမ်းတံတား အမှတ် ၆၅ ဟာ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာပါ။
မိုင်းခွဲဖျက်ဆီးခံရတဲ့ ရထားလမ်းတံတားကို လေးရက်ကြာ ပြန်လည်ပြုပြင်ပြီးနောက် ရထားခရီး စဉ် ပြန်လည်ပြေးဆွဲနေပြီလို့ ကြေညာပါတယ်။
မြန်မာ့မီးရထားဌာနက တာဝန်ရှိသူတစ်ဦးကလည်း ရထားခရီးစဉ်တွေကို အရင်လိုပုံမှန်အတိုင်း နေ့ စဉ် ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မေ ၆ ရက်နေ့ကနေ မေ ၉ ရက်နေ့အထိ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို လေးရက် ကြာ ယာယီဖျက်သိမ်းခဲ့ရတာပါ။
ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ရတဲ့အတွက် ခရီးစဉ်မှာလိုက်ပါဖို့ လက်မှတ်ဝယ်ယူထားသူတွေကို ရန်ကုန်ဘူတာကြီးအပြင် မော်လမြိုင်ဘူတာကြီးမှာပါ လက်မှတ်ခတွေကို ပြန်အမ်းပေးခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်နဲ့ မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်တွေအတွက် အထက်တန်းလက်မှတ်ကို တစ်ရက်ကြိုမှ သုံးရက်ကြိုတင် ဝယ်ယူနိုင်ပြီး ရိုးရိုးတန်းလက်မှတ်တွေကိုတော့ တစ်ရက် ကြိုတင်ဝယ်ယူနိုင်တယ်လို့ မော်လမြိုင်ဘူတာကြီးက ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ