ဝါရှင်တန်၊ မေ ၉
ပါကစ္စတန်နဲ့အိန္ဒိယတို့ တင်းမာမှု အရှိန်လျှော့ချရေး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ အဲဒီ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အာရှ အိမ်နီးချင်း နှစ်နိုင်ငံကို အမေရိကန်အနေနဲ့ မထိန်းချုပ်နိုင်ကြောင်း အမေရိကန် ဒုသမ္မတ ဂျေဒီ ဗင့်စ်က မေ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
အဲဒီ နှစ်နိုင်ငံကြား ဖြစ်ပွားတဲ့ စစ်ပွဲဟာ အမေရိကန်နဲ့ သက်ဆိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

မိမိတို့အနေနဲ့ တင်းမာမှု လျှော့ချရေး တိုက်တွန်းရုံလောက်ပဲ ကြိုးပမ်းနေပေမယ့် စစ်ပွဲထဲ မိမိတို့ ပါဝင်သွားမှာ မဟုတ်ဘူးလို့ ဒုသမ္မတ ဂျေဒီဗင့်စ်က ပြောဆိုထားတာပါ။
တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ပိုများလာတာကို တားဆီးဖို့ ရည်ရွယ်ထားတဲ့ ဝါရှင်တန်အတွက် အိန္ဒိယဟာ အရေးပါတဲ့ လက်တွဲဖော် ဖြစ်ပြီး ပါကစ္စတန်ကတော့ အမေရိကန် မဟာမိတ်အဖြစ် ဆက်ရှိနေသေးပေမယ့် ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန် ဆုတ်ခွာပြီးနောက် အစ္စလာမ်မာဘက်ဟာ ဝါရှင်တန်အတွက် အရင်ကလောက် အရေးမပါတော့ပါဘူး။
ယူကရိန်း-ရုရှား စစ်ပွဲနဲ့ ဂါဇာက အစ္စရေးစစ်ပွဲမှာ အမေရိကန် ပါဝင် ပတ်သက်နေရတာကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ တင်းမာမှု စောစောပိုင်း ကာလတွေမှာ အမေရိကန် လက်ရှောင်နေမှာ ဖြစ်ပြီး အမေရိကန်အစိုးရက ဖိအားများများစားစားပေးမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား လက်တုံ့ပြန် တိုက်ခိုက်မှုတွေ နှစ်ရက် ဆက်တိုက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး လူလေးဒါဇင်နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဒီအတောအတွင်း အိန္ဒိယက မိမိတို့ရဲ့ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းတွေကို ပါကစ္စတန်က တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပေမယ့် ပါကစ္စတန်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ဟိန္ဒူ ခရီးသွားတွေကို စစ်သွေးကြွတွေက ပစ်သတ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှု စတင်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို အစ္စလာမ်မာဘက် အစိုးရက ကူညီခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲပြီး ပါကစ္စတန်ကို တိုက်ခိုက်ခဲ့တာပါ။
ပါကစ္စတန်က သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောထားပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ အဆိုပြုထားပါတယ်။
လက်ရှိ အခြေအနေကနေ ပိုပြီး ကျယ်ပြန့်တဲ့ စစ်ပွဲတစ်ပွဲ ဒါမှမဟုတ်နျူကလီးယား စစ်ပွဲ မဖြစ်လာစေဖို့ မိမိတို့ မျှော်လင့်ကြောင်း ဂျေဒီဗင့်စ်က ပြောကြားထားပါတယ်။
Ref: Reuters