နောင်ချို၊ မေ ၉
အပစ်ရပ်ကြေညာထားပေမယ့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မေ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်တွေ ပြုလုပ်မှာမဟုတ်ဘဲ နောက်ထပ် တစ်လ တစ်ဖက်သတ် အပစ်ရပ် သက်တမ်းထပ်တိုးကြောင်း မေ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီကလည်း ငလျင်ဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် မေ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး ကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကို သက်တမ်း တစ်လ ထပ်မံထပ်တိုးခဲ့ပေမယ့် တအာင်းပြည်နယ်အတွင်း ထိုးစစ်ဆင်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ TNLA ကဆိုပါတယ်။
အပစ်ရပ်ကြေညာခဲ့ပေမယ့် စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ တအာင်းတပ်မတော် PSLF/TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်မှာ ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ မေ ၇ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်မှာလည်း တအာင်းတပ်မတော်ရှိရာကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား ယာပြင်ကျေးရွာအနီးမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာလည်း တအာင်းတပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာမှာ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA