ဗာတီကန် စီးတီး၊ မေ ၉

ပုပ်ရဟန်းမင်းကြီးအသစ် လီယို ၁၄ ကို ကမ္ဘာတဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ဘာသာရေး ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုပြီး ဆုတောင်းမေတ္တာ ပို့သလိုက်ကြပါတယ်။

ရောဘက် ပရီဗို့စ်ဟာ ကက်သလစ်ဘုရားကျောင်း ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ မြောက်အမေရိကမှာ မွေးဖွားတဲ့ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။

ချီကာဂိုမှာ မွေးဖွားခဲ့သူ ပရီဗို့စ်ဟာ ပြုပြင်ပြောင်းရေးသမားအဖြစ် ရှုမြင်ခံရကာ ပီရူးနိုင်ငံမှာ နှစ်များစွာကြာ သာသနာ ပြုခဲ့ပြီးတဲ့နောက် ဘာသာရေးခေါင်းဆောင် ဖြစ်လာသူ ဖြစ်ပါတယ်။

အမေရိကန်က ပုပ်ရဟန်းမင်းကြီး တစ်ယောက် ရှိလာတဲ့အတွက် အများကြီး ဂုဏ်ယူရတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးအတွက် ပီရူးမှာ ဂုဏ်ယူနေသူတွေ အများကြီး ရှိပေမယ့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဖုံးဖိထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ်က မိမိတို့နိုင်ငံဆီ လာရောက် လည်ပတ်ဖို့ ပုပ်ရဟန်းမင်းကြီးအသစ်ကို ဖိတ်မန္တကပြုထားပါတယ်။

ပထမဆုံးအမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးတစ်ဦး ရှိလာပြီ ဖြစ်တဲ့ အတွက် အမေရိကန်ပြည်သူတွေကလည်း ဝမ်းမြောက် ဂုဏ်ယူနေကြပါတယ်။

ကမ္ဘာတဝန်းမှာရှိတဲ့ တခြားသော ဘာသာရေးခေါင်းဆောင်တွေကလည်း ပုပ်ရဟန်းမင်းကြီးအသစ်ကို ချီးကျူး ဂုဏ်ပြုပြီး ဆုတောင်းမေတ္တာတွေ ပို့သခဲ့ကြပါတယ်။

တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်ဝမ်ခေါင်းဆောင်တွေကလည်း အသစ် တင်မြှောက်ခံရတဲ့ ပုပ်ရဟန်းမင်းကြီးကို ဂုဏ်ပြုခဲ့ ကြပါတယ်။

၂၀၁၅ ခုနှစ်မှာ ပီရူးနိုင်ငံသားအဖြစ် ခံယူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးက ပီရူးဟာ မိမိရဲ့ ဒုတိယအိမ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သူ့ကို ဂုဏ်ပြုသူတွေ ရှိသလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို သူ့ရဲ့ ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေ မကျေနပ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.