ကျွန်းစု၊ မေ ၉
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်ရှိ ဝါရစ် ပိန်းတောပြင် ရှေ့တန်းတပ်စခန်းကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန် နှစ်နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးမြင့်ဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံး ၇ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျွန်းစုမြို့နယ် ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေဟာ ဝါရစ်ရှေ့တန်းစခန်းမှ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း ၂၊ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နဲ့ တိုင်းပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီ ပကဖ