ရေဖြူ၊ မေ ၃
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တစ်ထောင်နီးပါး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကစလို့ ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ အင်အားဖြည့်တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် မင်းသား၊စိန်ဘုံ၊ ဘုရားသုံးဆူ၊ ဆင်စွယ်၊ ရေငံကြီး၊ ကျောက်တလုံးကျေးရွာတွေက ဒေသခံတစ်ထောင်နီးပါး ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်နေရတာ အချိန် နှစ်ပတ်နီးပါး ကြာမြင့်လာပြီး ဖြစ်သလို တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ဝယ်ယူဖို့ သွားလာလို့ မရတာကြောင့် အရေးပေါ် အကူအညီ လိုအပ်နေတာပါ။
အရေးပေါ် အကူအညီ လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူတွေကို အဆင်ပြေမယ့် လမ်းကြောင်းတွေကနေ ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေပေမယ့် ရေရှည်မှာ ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
ရေဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ခုနှစ်လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ခုနှစ်သောင်းနီးပါး စစ်ရှောင်ခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ