မော်လမြိုင် ၊ မေ ၁
အရွယ်အရောက်ပြီးသူ လူငယ်တွေကို စစ်ရေးဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးပြီး စစ်ကောင်စီက စစ်မှုထမ်းစေခိုင်းနေတာဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ သုံးသပ်နေကြပါတယ်။
တနေ့တခြား စစ်သည်အင်အား လျော့နည်းလာမှုနဲ့ ဘက်ပြောင်းလက်နက်ချမှုတွေ အဆမတန် များပြားလာမှုကို အစားထိုးဖြေရှင်းနိုင်ဖို့ စစ်ကောင်စီဟာ အမည်ခံ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗျူဟာတရပ်အနေနဲ့ ကျင့်သုံးနေတယ်လို့ NUG က ဆိုပါတယ်။
ဧပြီ ၂၈ ရက်က ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနရဲ့ “အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်းရဲ့ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
အမျိုးသားလူငယ်ကွန်ဂရက် NYC ရဲ့ အချက်အလက်အရ စစ်မှုထမ်းခေါ်ယူတဲ့ ဖြစ်စဉ်ပေါင်း ၈၈၆ မှုထဲက အတင်းအဓမ္မဖိအားပေးခေါ်ယူမှုဟာ ၅၆၀ မှုရှိခဲ့တဲ့အတွက် ၆၃ ရာခိုင်နှုန်းဟာ ဖိအားပေးခံခဲ့ရတာလို့ ဆိုပါတယ်။
အဓမ္မစစ်သားစုဆောင်းခံရမှုကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ လူသားချင်းစာနာတဲ့ မူဝါဒကို အခြေခံပြီး စောင့်ရှောက်ပေးဖို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းထားတာပါ။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က စစ်မှုထမ်းဥပဒေဟာ လူ ငယ်တွေကို သတ်ကွင်းထဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတာမို့ လူ့အခွင့်အရေးများစွာကို ချိုးဖောက်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကိုယ့်နိုင်ငံသားလူငယ်တွေကို သတ်ကွင်းထဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ရည်ရွယ်ချက်ထက်မပိုတဲ့ ဥပဒေဖြစ်နေတဲ့အတွက် (လူ့အခွင့်အရေး) ချိုးဖောက်မှုအများကြီးကို ဒီဥပဒေက ဖြစ်နေစေတာကို ကျွန်တော်တို့ ထင်ထင်သာသာမြင်ရမှာ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့ ကိစ္စတွေတင်မကဘူး။ တခြားသော အတင်းအကြပ်အကောင်အထည် ဖော်တဲ့ကိစ္စရဲ့ နောက်ဆက်တွဲ ချိုးဖောက်မှုတွေဖြစ်တဲ့ မိသားစုကို ခြိမ်းခြောက်တာတို့ အကျပ်ကိုင်တာတို့ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်သွားတာ မလျော်မကန်တဲ့နည်းတွေနဲ့ ငွေညှစ်ငွေတောင်းတာတို့ တစ်ဘက်ကလည်း အဂတိလိုက်စားတာတို့ လွတ်လပ်စွာ သွားလာခြင်းတွေ လူငယ်သဘာဝ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို သုံးစွဲခြင်းတွေကို ချိုးဖောက်နေတာ အပါ အဝင် အသက်ရှင်နေထိုင်ဖို့အတွက် လုပ်ကိုင်စားသောက်ရတဲ့ အခွင့်အလမ်းတွေကိုလည်း ချိုးဖောက်ပြီးသားဖြစ်နေတဲ့ ဥပဒေဖြစ်နေတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီက လူငယ်တွေကို နေအိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စီမံချက် ချမှတ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့သလို မိသားစုဝင်တွေကို ခြိမ်းခြောက်အကြပ်အကိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်သားစုဆောင်းနေတာပါ။
အဲဒီလို စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ လူငယ်တွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့ စစ်မှုထမ်းဖို့ မသင့်လျာ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူတွေပင် ပါဝင်ကြောင်း တွေ့ရှိရတယ်လို့ NUG ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ အတင်းအကြပ်အမည်စာရင်းကောက်ယူတာတွေ ရှိနေပြီး စစ်မြေပြင်အခြေအနေ ပိုမိုဆိုးရွားလာရင် အမျိုးသမီးတွေဟာ နောက်ထပ်ပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတာပါ။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အတွက် လူတစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ကျော်လွန်ချိုးဖောက်နေတာလို့ ထောက်ပြကြပါတယ်။
အစီရင်ခံစာအရ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေဟာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာရော ရှေ့တန်းစစ်မြေပြင်မှာပါ ဖိအာပေးစေခိုင်းခံရတာတွေ ညှင်းပန်းနှိပ်စက် အပြစ်ပေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်သင်တန်းသားတွေဟာ ရှေ့တန်းမှာ စစ်တိုက်ထွက်ရခြင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်ခြင်း၊ အခွန်ကောက်ခြင်း၊ မိုင်းရှင်းလင်းခြင်း၊ စစ်ဘက်ခံတပ်တွေ ဆောက်လုပ်ရာမှာ အတင်းအကြပ်လုပ်ခိုင်းခြင်းစတဲ့ စစ်ရေးတာဝန်တွေကို ချမှတ်ခံခဲ့ရတာပါ။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်မှုထမ်းစုဆောင်းရေးဟာ ဘီးလူးဆိုင်းနဲ့ ဘီးလူး ကတာဖြစ်လို့ စစ်တပ်အကျိုးစီးပွားအတွက် လူမဆန်စွာ လူငယ်တွေကို ချနင်းနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါတွေ သူတို့ လုပ်နေခြင်းဟာ ဘယ်လိုမှ Standard Army ဘယ်လိုမှ နိုင်ငံတစ်ခုရဲ့ စစ်တပ်တွေရဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်သိပေမယ့် သူတို့ရဲ့ အကျိုးစီးပွား သူတို့ရဲ့ အာဏာ သူတို့ မိသားစုတွေရဲ့ စီးပွားရေးကို ဆက်လက်ပြီးတော့ ခိုင်ခံ့သွားဖို့အတွက် လူငယ်တွေကို ချနင်းနေတာ၊ ပြည်သူတွေကို ချနင်းနေတာလို့ ကျွန်တော့်အနေနဲ့ မြင်တာပေါ့”လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ပွဲဝင်သွားမှာသာ အမြစ်ဖြတ်ချေမှုန်းနိုင်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းကြဖို့နဲ့ ထောက်ပံ့ကြဖို့ နိုင်နဂါးက တိုက်တွန်းပါတယ်။
လက်ရှိမှာတော့ စစ်မှုထမ်းဥပဒေအရ အခြေခံစစ်သင်တန်း အပတ်စဉ် ၁၂ အထိ ဖွင့်လှစ်လာပြီး အပတ်စဉ် တစ်ခုမှာ သင်တန်းသား ၅၀၀၀ နှုန်းနဲ့ ခေါ်ယူဖို့ လျာထားတဲ့အတွက် လူငယ်ခြောက်သောင်းလောက်ဟာ စစ်ထဲတွန်းပို့ခံနေရတာပါ။
စစ်ကောင်စီပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း နိုင်ငံ သားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။ဒါ့အပြင် နည်းဥပ ဒေအရ အကျုံးဝင်သူတွေကို ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့် ပိတ်ပင်တားမြစ်ထားပါသေးတယ်။
ဒါဟာ လူငယ်တွေကို နိုင်ငံတွင်းမှာ ပိတ်လှောင်ပြီး တဖြည်းဖြည်းချင်း လူသားဒိုင်းပုံစံနဲ့ သတ်ကွင်းထဲကို ပို့ဆောင်နေတဲ့ အစီအစဉ်တစ်ရပ်သာဖြစ်နေတဲ့ ဥပဒေလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram