မော်စကို၊ ဧပြီ ၂၅
တချို့ကိစ္စရပ်တွေကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပေမယ့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ သဘောတူညီမှုရယူဖို့ အသင့်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့က ပြောပါတယ်။
အမေရိကန်သမ္မတ တွေးတောထားတဲ့အတိုင်း မိမိတို့လည်း ယုံကြည်ထားပြီး မိမိတို့အနေနဲ့ မှန်ကန်တဲ့ ဦးတည်ရာဆီ လျှောက်လှမ်းနေတာဖြစ်တယ်လို့ ဝန်ကြီး လက်ဗရော့က ဆိုပါတယ်။ ဒီအတောအတွင်း သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ဖ်ကော့်က မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးနေပါတယ်။

ယူကရိန်းမှာတော့ မြို့တော်ကိဗ်မှာ မြို့တော်ဝန် ဗီတာလီကလစ်ကိုက ရုရှားကိုနယ်မြေတွေရယူခွင့်ပေးပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ရယူသင့်တယ်လို့ ပြောဆိုနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ခရိုင်းမီးယားဒေသကို ရုရှားဆီ လက်လွှတ်ပေးပြီး ငြိမ်းချမ်းရေး သဘာတူညီမှုရယူဖို့ကမ်းလှမ်းမှုကို ယူကရိန်းသမ္မတ ဇီလန်စကီးက ပယ်ချထားပါတယ်။
အပစ်ရပ်ဖို့ ပြောဆိုဆွေးနွေးနေတာတွေ ရှိပေမယ့် ယူကရိန်းကို ရုရှားက ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပြီး အရပ်သားတွေ ဆက်လက်သေဆုံးနေရပါတယ်။

ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်စေမယ်လို့ မဲဆွယ်တဲ့ကာလအတွင်း ပြောကြားခဲ့ပေမယ့် လောလောဆယ်မှာတော့ ဆွေးနွေးမှုအခြေအနေ မတိုးတက်လာရင် ကြားဝင် ညှိနှိုင်း ပေးနေတဲ့ နိုင်ငံအဖြစ်ကို စွန့်လွှတ်တော့မယ်လို့ ပြောဆိုထားပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်က အပစ်ရပ်ရေး သဘောတူညီမှု ဒါမှမဟုတ် ငြိမ်းချမ်းရေး သဘောတူညီမှု မရရှိသေးတဲ့ အတွက် ဇီလန်စကီးကိုရော ပူတင်ကိုပါ ပြစ်တင် ပြောဆိုထားပါတယ်။
Ref:BBC