ကော့ကရိတ်၊ ဧပြီ ၂၄
ဧပြီလကုန်အထိ အပစ်ရပ် သက်တမ်းထပ်းတိုးထားတယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပေမယ့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေနဲ့ ကျုံဒိုး-ကော့ကရိတ် ကားလမ်းတလျှောက်က ကျေးရွာတွေမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့အထိ တိုက်ပွဲဆက် လက်ပြင်းထန်နေတာပါ။
ဧပြီ ၂၃ ရက်နေ့မှာတော့ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ အနီးနားက ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဧပြီ ၂၂ ရက်နေ့ကလည်း ကော့ကရိတ်မြောက်ပိုင်း ရင်ကွဲတောင်စခန်းအနီးဝန်းကျင်က ကျေးရွာတွေဖြစ်ကြတဲ့ မြပတိုင်နဲ့ ကမ္မရာရွာတွေထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ္မရာရွာက ကလေးတွေအပါအဝင် အရပ် သားပြည်သူ ၅ ဦး ထိခိုက်မှုရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
တိုက်ပွဲ တစ်ပတ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်တဲ့ ကျေး ရွာတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အ ရပ်သားပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့ရပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးအပြင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ အများစု ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေရော တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ ဗုံးကြဲပစ်ခတ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အချိန် တစ်ပတ်ကျော်ကြာလာတဲ့ ကော့ကရိတ် ကျုံဒိုးတိုက်ပွဲမှာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းက နွားခြံကုန်းကနေ ၉ တိုင်အထိ ရှိနေတဲ့ ဂိတ်စခန်းတွေအားလုံးကို တော်လှန်ရေးအင်အားစုအဖွဲ့က သိမ်းယူစိုးမိုးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြောက်ဘက် နဘူး-တံတားကျိုးလမ်းပိုင်းက စကခ ၁၂ ဌာနချုပ်ရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ရင်ကွဲတောင်စခန်းကိုလည်း သိမ်းယူထားနိုင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ