နယူးယောက် စီးတီး၊ ဧပြီ ၂၄
ကမ္ဘာ့ကုန်သွယ်ရေးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တဲ့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်ပြဌာန်းမှုတွေ တားဆီးရေး အမေရိကန်ပြည်နယ် တစ်ဒါဇင်က ပူးတွဲ တရားစွဲဆိုလိုက်ပါတယ်။
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အစိုးရရှေ့နေချုပ်တို့ ဦးဆောင်တဲ့ အဲဒီ တရားစွဲဆိုမှုမှာ သမ္မတအနေနဲ့ အခွန်တွေ ပြဌာန်းခွင့် မရှိဘူးလို့ စောဒက တက်ထားပါတယ်။

ဒီလို အခွန်ပြဌာန်းတာတွေကို အမေရိကန်လွှတ်တော်ကပဲ ခွင့်ပြုရမှာ ဖြစ်တယ်လို့ အဲဒီ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာကုန်သွယ်ရေးအတွက် အမေရိကန်တရားရုံးမှာ တရားစွဲဆိုထားမှုအတွင်း ပြည်နယ် ၁၂ ခု ပါဝင်ပါတယ်။
နယူးယောက် အစိုးရရှေ့နေချုပ် လတ်တီတီယာ ဂျိမ်းစ်ဟာ သူတို့ မဲဆန္ဒနယ်တွေရဲ့ ဘေးကင်းရေးနဲ့ ကောင်းကျိုးကို ကာကွယ်ပေးရမှာထက် သမ္မတ ထရန့်ကို အပြစ်ရှာဖို့ ဦးစားပေးနေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲထားပါတယ်။

အခွန်စည်းကြပ်မှုကို သမ္မတကမဟုတ်ဘဲ လွှတ်တော်က မဲခွဲ ဆုံးဖြတ် အတည်ပြုရမယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
သမ္မတဟာ ဖွဲ့စည်းပုံဆိုင်ရာ စီစဉ်တကျ ရှိမှုကို ပြောင်းပြန်လှန်ပစ်နေတယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
အခွန်တွေနဲ့ပတ်သက်လို့ ကယ်လီဖိုးနီးယား ပြည်နယ်က သမ္မတ ထရန့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားစွဲဆိုခဲ့ပါတယ်။
အမေရိကန်နဲ့တခြား နိုင်ငံတွေကြား ကုန်သွယ်ရေး လိုငွေပြမှုကို ဖြေရှင်းရေး အခွန်တွေ ပြဌာန်းရမယ် ဆိုပြီး ထရန့်က ကုန်သွယ်ဖက်နိုင်ငံတွေကိုပါ မချန် အခွန်တွေ ပြဌာန်းထားတာ ဖြစ်ပါတယ်။
Ref:BBC