“အခုက ဒီနှစ်က တော်တော်လေးကို ကင်းထောက်လာတာပေါ့နော်။ သုံးဆ တစ်ဆတောင် ကွာတယ်။ ဒီနှစ်က လေယာဉ်ဗုံးလာကြဲတာ မနည်းဘူးလေ။ ပြီးခဲ့တဲ့နှစ်ကဆို လေယာဉ် အဲဒီလောက် မကြဲဘူး။ ဒီနှစ်က တော်တော်လေး လာကြဲတယ်” – ကရင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ခံ
ဧပြီလကုန်အထိ အပစ်ရပ် သက်တမ်းထပ်တိုးထားပေမယ့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ဟာ ဧပြီ ၁၄ ရက်ကစလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခဲ့တာပါ။
အဲဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာက ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ နေ့စဉ်နီးပါး လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ရတာပါ။
လက်ရှိ ကော့ကရိတ်-ကျုံဒိုးတဝိုက်က စစ်ရေးအခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။ ဒေသခံပြည်သူတွေ ဘာအခက်ကြုံနေရလဲ။ ပြည်သူတွေရဲ့ ထိခိုက်မှု အခြေအနေနဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှု အခြေအနေအကြောင်း ကရင် အရပ်ဖက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ခံတစ်ဦးနဲ့ သံလွင်တိုင်းက အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – ကော့ကရိတ်-ကျုံဒိုးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာတွေသိထားပါသလဲ။
ဖြေ – ကျုံဒိုး တဝိုက်မှာပေါ့နော်။ ဒါပေမယ့် ကော့ကရိတ် ရင်ကွဲတောင်လည်း အကြိတ်အနယ်ပဲ။ အခုအချိန်တော့ ဘာသတင်းမှမကြားဘူး။မနေ့က (ဧပြီ ၂၂) တော့ အကြီးအကျယ်ပဲလို့ ကြားတယ်။
မေး – ကော့ကရိတ် ကျုံဒိုးတိုက်ပွဲကြောင့် ရွာတွေအများကြီး စစ်ပြေးရှောင်နေရတယ်ပေါ့နော်။ ရွာဘယ်နှစ်ရွာ စစ်ဘေးရှောင်ဘယ်နှစ်ဦးလောက်အထိ ထွက်ပြေးရလဲ။
ဖြေ – ရေပူရွာတို့မှာရော အများစုက ရော်ဘာခြံထဲမှာ ပုန်းကြတာပေါ့။လေးရာလောက်ရှိတယ်။ လူဦးရေကတော့ တစ်သိန်းကျော်လောက်ပဲ။ကျုံဒိုး ချောင်းဖျားပါမယ်။ နွားခြံကုန်း၊ သာယာကုန်း၊ ရေပူ၊ အိမ်ငါးတိုင်၊ ကိုးတိုင် အများကြီးပဲ။ ကော့ကရိတ်တောင်ပိုင်းကတော့ ကျွန်တော်တို့နီးစပ်ရာနေရာလေးပေါ့။ ကျွန်တော်နေတာ ကျုဒိုးထဲဆိုတော့ ကျွန်တော်ပြောတဲ့လူဦးရေပေါ့။
မေး – ရွာတွေထဲမှာလေ ပိတ်မိနေပြီးတော့ ထွက်ခွင့်မရတဲ့ လူတွေအများကြီးရှိတယ်လို့ ကြားရတယ်။ ရွာမှာကျန်နေပြီး ထွက်ခွင့်မရတဲ့လူတွေအရဲ့ အခြေအနေ ဘယ်လိုသိရလဲ။
ဖြေ – ဟုတ်ကဲ့။ အတော်များများတော့ ကြားတာပေါ့။ သူတို့နေနိုင်သေးတယ်ဆိုတော့ အဲဒီလောက်ထိ မဆိုးဝါးနိုင်ဘူးလို့ သူတို့ကိုယ် သူတို့ယုံကြည်တာလည်း ပါရင်ပါမယ်။ တချို့တွေက တချို့တွေက ပြေးလို့လည်း မရဘူး။ ပိတ်မိနေလည်း ပိတ်မိလို့ ဖြစ်မှာပေါ့။
မေး – စစ်ဘေးရှောင်တွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ သူတို့လိုအပ်ချက်တွေက ဘာတွေရှိလဲ ပြောပြပေးပါ။
ဖြေ – လိုအပ်ချက်က သူတို့လိုတာက ဆေးဝါးတွေ သူတို့လိုတာပေါ့။ စားနပ်ရိက္ခာပေါ့ အရေးကြီးတာပေါ့။ ညပိုင်းဆို အိမ်ပြန် ဆန်တွေ ပြန်ယူတာပေါ့။ တချို့တွေက ဆီတွေ ဆန်တွေပြန်ယူတာပေါ့။ မိုးမလင်းခင် သူတို့ ပြန်ယူတာပေါ့နော်။
မေး – လက်ရှိ ရွာတွေထဲမှာ စစ်တပ်က ဗုံးကြဲတာကြောင့် ထိခိုက်ပျက်စီးမှုတွေ သေဆုံးမှုတွေ ဘယ်လိုကြားနေရလဲ။
ဖြေ – ထိခိုက်ပျက်စီးမှုကတော့ ကမ်းနီရွာမှာ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ တိုက်အိမ်တွေလည်း ပျက်စီးတယ်။ လူတွေလည်း သေတယ်။ ကိုယ်ဝန်ဆောင်မိခင်လည်း ပါတယ်။ မနေ့က ဗုံးကြဲတာလည်း လူဦးရေ သုံးယောက်လောက် သေတယ်တယ်လို့ ကြားတယ်။ ကလေးတွေရော ပါတယ်။ ကလေးနှစ်ယောက်၊ လူကြီးတစ်ယောက်လား မသိဘူး။ ဒါပေမယ့် သတင်းမကြားတော့ မပြောတတ်ဘူး။ အခုက။
မေး – လက်ရှိ အစ်ကိုတို့အဖွဲ့အနေနဲ့ စစ်ရှောင်ကူညီရေးအတွက် ဘယ်လိုဆောင်ရွက်သွားမလဲ။
ဖြေ – ကျွန်တော်အနေနဲ့ကတော့ စစ်ပွဲတွေဘာတွေဖြစ်ရင် အရင်ကလို ဘုန်းကြီးကျောင်းမှာ သွားခိုရတယ်လေ။ အများအားဖြင့် ဘုန်းကြီးကျောင်းမှာ လူဦးရေများမယ်။ သူတို့ ထင်ထားတာပေါ့နော်။ အများအားဖြင့်က ဘုန်းကြီးကျောင်းမှာ သွားကပ်နေရတယ်လေ။ အရင်တုန်းက အခုတော့ မဟုတ်တော့ဘူး ထင်တယ်။ အခုကတော့ အများနဲ့ပဲပေါ့နော်။ ကျွန်တော်တို့အဖွဲ့က ရန်ပုံငွေ ကောက်တာပေါ့နော်။ အခုကတော့ လုပ်ဆောင်နေဆဲပေါ့နော်။ မကူညီရသေးဘူးပေါ့နော်။စားစရိတ်က အဓိက ထားတာပေါ့နော်။ အခုက ကျွန်တော်တို့က စားစရိတ်ရယ် ဆေးဝါးအတွက်ရော အဓိက ထားတယ်။ လောလောဆယ်က စားစရိတ်အတွက်ရယ် သူတို့နေဖို့အတွက်က အမိုးအကာအတွက် လုပ်ပေးမယ် အဲဒီလိုမျိုး။
မေး – လက်ရှိ စစ်ရေးဟာ အခုထက်ပိုမိုပြီး ပြင်းထန်လာနိုင်ပါသလား ဘယ်လိုမြင်ပါလဲ။
ဖြေ – ကင်းထောက်လာတာ မြင်တယ်။ အခုက ဒီနှစ်က တော်တော်လေးကို ကင်းထောက်လာတာပေါ့နော်။ သုံးဆ တစ်ဆတောင် ကွာတယ်။ ဒီနှစ်က လေယာဉ်ဗုံးလာကြဲတာ မနည်းဘူးလေ။ ပြီးခဲ့တဲ့နှစ်ကဆို လေယာဉ် အဲဒီလောက် မကြဲဘူး။ ဒီနှစ်က တော်တော်လေး လာကြဲတယ်။ နေ့တိုင်း လာကြဲတာဆိုတော့ သုံးဆတောင် မကလောက်ဘူးထင်တယ်။
သံလွင်တိုင်းမ်