မော်လမြိုင် ၊ ဧပြီ ၂၃
နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းကို ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းအတွက် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဧပြီ ၂၁ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အမှတ် ၆ ပညာရေးကျောင်းမှာ သွားရောက် တွေ့ဆုံခဲ့တာပါ။
စစ်ကောင်စီကတော့ စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်း တက်ရောက်မယ့် အရေအတွက်ကို မဖော်ပြထားပေမယ့် ဝါဒဖြန့်မီဒီယာတွေရဲ့ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ သင်တန်းသား အရေအ တွက် ၁၀၀ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ စစ်မှုထမ်းအပတ်စဉ် ၁၂ တက်ရောက်ရမယ့် လူငယ်တွေဟာ ညပိုင်းဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရတာ၊ တချို့ကိုတော့ အုပ် ချုပ်ရေးအဖွဲ့တွေက မတ်လုံးပေးစည်းရုံးခံရသူတွေ ပါဝင်တယ်လို့ ပြောပါတယ်။
“လောင်းကစားဝိုင်းတွေ အများကြီးလုပ်ပြီးတော့ ညညဉ့်နက်ပြန်တဲ့ ကလေးတွေတချို့ကိုတော့ ဖမ်းတာပေါ့။ နယ်တွေမှာလည်း ရှိတာပေါ့။ သူတို့ထဲကို စည်းရုံးပြီး ခေါ်တာတွေက များသွားတာပေါ့။ ရာအိမ်မှူးတွေ အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ မတ်လုံးတွေပေးတဲ့အခါကျတော့ တချို့ကလည်း စားဝတ်နေရေးကျပ်လို့ တချို့ ကလည်း နဂိုတည်းက ယူနီဖောင်းဝတ်ပြီး မြောက်ကြွမြောက်ကြွနဲ့ လုပ်ချင်လို့ အဲဒီလိုမျိုးတွေရှိတဲ့အခါကျတော့ ညဘက်တွေဆိုရင် လုပ်ပိုင်ခွင့်တွေပေးတဲ့အပေါ်မှာ သူတို့ဘာသူတို့ စည်းရုံးပြီးတော့ ခေါ်တာတွေကများတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေဟာ စစ်မှုထမ်းအတွက် လူစားထိုး ခေါ်ယူဖို့ဆိုပြီး လစဉ်ငွေကြေးကောက်ခံတာရှိသလို ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ လူငယ်တွေကိုတော့ ဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
ဒေသတွင်းမှာတော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်အများစု နီးစပ်ရာနိုင်ငံတွေကို ထွက်ခွာသွားကြတဲ့အတွက် ကျွမ်းကျင်လုပ်သား ရှားပါးမှုဒဏ်ကို အကြီးအကျယ်ခံစားနေရတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၁ ကနေ အပတ်စဉ် ၁၁ အထိ ဒေသတွင်းမှာ စစ်မှုထမ်းစစ်သားစုဆောင်းခံရသူ စုစုပေါင်း ၂၀၀၀ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram