ရေဖြူ ၊ ဧပြီ ၂၃

လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဒေါနစစ်ကြောင်းအပါအဝင် ABDSF နဲ့ မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်တွေ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းခဲ့ပါတယ်။

မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြတဲ့အဖွဲ့တွေထဲမှာ ဒေါနစစ်ကြောင်း (၃) (တပ်ခွဲ-၄၊ တပ်ခွဲ-၆၊ တပ် ခွဲ-၇) ၊ KNU တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ မွန်ပြည်သစ်ပါတီ AD ၊ မွန်ပြည်တော်လှန်‌ရေးတပ် MSRF၊ ABSDF တပ်ရင်း – ၁ နဲ့ ထားဝယ်တပ်တော် DNLA တို့ ပါဝင်ပါတယ်။

အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဧပြီ ၁၇ ရက်နေ့က တာဝန်ရှိသူတွေအချင်းချင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဖို့ သဘောတူညီမှု ရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဒေသတွင်းလှုပ်ရှားနေကြတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံရန်သူကို အောင်မြင်စွာ တိုက်ခိုက်နိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုတော့ မွန်ပြည်သစ် AD က ထွက်လာပြီး ပါဝင်လာတဲ့အပေါ် မှာ ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံပြီးတော့ စကားပြောဆွေးနွေး သဘောတူညီချက်ရတာပေါ့။ ဒီမှာထူးခြားချက်ကတော့ KNU တပ်မ ဟာ ၆ တပ်ရင်း ၂၇ ကလည်း ပါလာတာပေါ့။ တပ်ရင်း ၂၇ နဲ့ကလည်း အရင်ကတည်းက ကျွန်တော်တို့ ရံဖန်ရံခါ ပူးတွဲစစ်ရေးလုပ်တာရှိတယ်။ ဒါကြောင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံရန်သူကို ကျွန်တော်တို့ လွယ်လွယ်နဲ့ အောင်မြင်စွာတိုက်နိုင်မယ်။ ဒါကိုရည်ညွှန်းပြီးတော့ အခုလို မဟာမိတ်ပေါင်းစုခြင်းဖွဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

မွန်၊ ကရင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေအကြား အပြန်အလှန် ထိန်းကျောင်းနိုင်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ အပြန်အလှန်ပေးအပ်နိုင်ရေးအပါအဝင် အောင်မြင်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရရှိဖို့ ဘုံသဘောတူညီချက်တွေ ထားရှိဆောင်ရွက်နေတယ်လို့ အသိပေးထားတာပါ။

ဒါ့အပြင် မွန်ပြည်နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက်ကိုလည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုနှစ်ခြောက်သွေ့ရာသီအတွင်း ရေဖြူမြို့နယ်တဝိုက်မှာ စစ်ရေးလှုပ် ရှားမှုတွေ စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ် လုပ်လာတာရှိတယ်လို့ နိုင်နဂါးက အခုလို ပြောပြပါတယ်။

“မောရဝတီ ရေတပ်စခန်းဌာနချုပ်အခြေစိုက်ရာ မင်းသားရွာပတ်ဝန်းကျင်မှာ ရန်သူတပ်ရင်း သုံးလေးရင်းပေါင်းတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ လှုပ်ရှားနေတာတွေရှိသလို ပင်လယ်ပြင်ကနေပြီးတော့လည်း စစ်သင်္ဘောကြီးတွေက သူတို့တပ်တွေရဲ့ လှုပ်ရှားမှုကို ပံ့ပိုးကူညီဖို့ဆိုပြီးတော့ ခပ်စိပ်စိပ် ခပ်သွက်သွက် လှုပ်ရှားနေတာတွေ ရှိတယ်ဗျ။ ရေဖြူမြို့နယ် အထူးသဖြင့် မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာပေါ့” လို့ ဆိုပါတယ်။

ဧပြီ ၂၀ ရက်နေ့က ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ အခြေစိုက်လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကောင်စီဘက်က အခုလို စစ်ကြောင်းထိုးလှုပ်ရှားတာတွေ ပြင်းပြင်းထန်ထန်လုပ်လာနေတာဟာ ရေး-ထားဝယ်လမ်းပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာလို့ ဆိုပါတယ်။

ဒါဟာ ရုရှားနဲ့ စစ်ကောင်စီတို့ကြား သဘောတူထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ရေဖြူမြို့နယ်အတွင်း ကြည်း၊ ရေ၊ လေ တပ်တွေကို ပြင်ဆင်လာတာလို့ နိုင်နဂါးက မှတ်ချက်ပြုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို စစ်ကောင်စီနဲ့ ရုရှားတို့ အခုနှစ် ဖေဖော်ဝါရီမှာ သဘောတူလက်မှတ်ရေးထိုးထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.