ဘန်ကောက်၊ ဧပြီ ၂၃

ပြည်တွင်းစစ် ဖြစ်နေတဲ့အချိန်မှာ ငလျင်ကြောင့် အပျက်အစီးနဲ့ထိခိုက်မှုတွေ အများကြီး ရှိနေပေမယ့် မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင် ကုမ္ပဏီက ရိုက်တာ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

မတ်လက မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင် မလှုပ်ခင် သီတင်းသုံးပတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကြား မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီ သဘောတူညီမှုမှာ ရုရှားအစိုးရရဲ့ နျူကလီးယား ကော်ပိုရေးရှင်း Rosatom က ထုတ်လုပ်ထားတဲ့ ၅၅ မီဂါဝပ် ဓာတ်ပေါင်းဖို နှစ်လုံး အပါအဝင် ၁၁၀ မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်နိုင်မယ့် နျူကလီးယား ဓာတ်အားပေးစက်ရုံ အသေးစား တစ်ခု ပူးပေါင်းဆောင်ရွက်ရေး သတ်မှတ်ချက် ပါဝင်ပါတယ်။

မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံက Rosatom ရဲ့ အစီအစဉ်တွေကို ထိခိုက်မှု မရှိဘူးလို့ ကုမ္ပဏီရဲ့ ပြန်ကြားရေးရုံးက အီးမေးလ် ပေးပို့ တုံ့ပြန်ထားပါတယ်။

ငလျင်ဒဏ်ခံနိုင်ရေး တင်းကြပ်တဲ့ သတ်မှတ်ချက်တွေ အပါအဝင် နိုင်ငံတကာ ဘေးကင်းရေး၊ စိတ်ချယုံကြည်ရမှုဆိုင်ရာ စံနှုန်းတွေကို Rosatom က အမြင့်မားဆုံး လိုက်နာ လုပ်ဆောင်နေတယ်လို့ အဲဒီ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် အဓိက အခြေခံအဆောက်အဦတွေ ပျက်စီးသွားခဲ့ပေမယ့်လည်း ကုမ္ပဏီက စီစဉ်ထားတဲ့အတိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တည်ဆောက်မယ့်အချိန်၊ တည်နေရာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို Rosatom ကုမ္ပဏီက မဖော်ပြပါဘူး။

ရေခဲခွဲ သင်္ဘောတွေမှာ အသုံးပြုဖို့ အဲဒီ ကုမ္ပဏီက ကနဦး ထုတ်လုပ်ထားတဲ့ RITM-200N ဓာတ်ပေါင်းဖိုတွေကို သုံးပြီး မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.