ဝါရှင်တန်၊ ဧပြီ ၂၁

ဇနီးသည်၊ ညီဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးရာ ရှေ့နေတို့ ပါဝင်တဲ့ ပုဂ္ဂလိက Signal မက်ဆေ့ချ်ပေးပို့ရေး ဂရုအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ချ် ဟတ်ဆိချ်က ယီမင်ကို တိုက်ခိုက်မယ့် အမေရိကန်ရဲ့သတင်း အချက်အလက်တွေကို ဝေမျှခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဧပြီ ၂၀ ရက်မှာ ဖော်ပြလိုက်ပါတယ်။

ဝန်ကြီး ဟတ်ဆိချ်ဟာ စစ်ရေး ထိပ်တန်း လျှို့ဝှက် သတင်းအချက်အလက်တွေကို လုပ်ပိုင်ခွင့် အာဏာမရှိသူတွေနဲ့ ဒုတိယအကြိမ်မြောက် ဝေမျှခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ အေအက်ဖ်ပီ သတင်းက ဖော်ပြထားပါတယ်။

ဝန်ကြီး ဟတ်ဆိချ်နဲ့ အမျိုးသား လုံခြုံရေးအကြံပေး အရာရှိ မိုက်ဝေါ့ဇ် အပါအဝင် အမေရိကန် ထိပ်တန်းအရာရှိတွေဟာ မတ် ၁၅ ရက်မှာ တိုက်ခိုက်မယ့် အစီအစဉ်တွေကို Signal မက်ဆေ့ချ် ပေးပို့ရေး ဂရုထဲ ဝေမျှခဲ့တယ်လို့ အဲဒီဂရုထဲ ပါဝင်သူ The Atlantic မဂ္ဂဇင်း အယ်ဒီတာချုပ်က ပြီးခဲ့တဲ့လက ဖွင့်ချခဲ့ပါတယ်။

အဲဒီလို ဖွင့်ချမှုကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီး ဒေါ်နယ် ထရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ လျှို့ဝှက်သတင်းတွေကို သတိမမူဘဲ ပေါက်ကြားစေမှုနဲ့ ဝေဖန်ခံနေရပါတယ်။

အဲဒီလို သတင်းပေါက်ကြားစေမှုကို ပင်တဂွန် စစ်ဆေးရေးမှူးချုပ်က စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဝန်ကြီး ဟတ်ဆိချ်ဟာ မတ် ၁၅ ရက်မှာ တိုက်ခိုက်မယ့် အမေရိကန်ရဲ့သတင်းအချက်အလက်တွေကိုပဲ ထပ်ပြီး ဝေမျှခဲ့တာ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ် မဂ္ဂဇင်းက ဧပြီ ၂၀ ရက်မှာ ဖော်ပြပါတယ်။

သူဝေမျှခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာ ဟူသီအဖွဲ့ကို ဗုံးကြဲမယ့် အမေရိကန် လေယာဉ်တွေရဲ့ ထွက်ခွာချိန်လည်း ပါဝင်ခဲ့ပါတယ်။

သူတို့ရဲ့ မက်ဆေ့ချ် ဝေမျှရေး ဂရုထဲမှာ ဂျာနယ်လစ် တစ်ယောက်ကို မှားထည့်ထားတာ၊ အတိမ်းအစောင်း မခံနိုင်တဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားစေတာနဲ့ ပတ်သက်လို့ အရေးယူမှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သမ္မတ ထရန့်ကလည်း နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.