“ဝန်ကြီးချုပ်ကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တွေ့တဲ့ အချိန်တုန်းကလည်း လူချင်းတွေ့ဆုံမှုဆိုတဲ့ ကိစ္စတွေလည်း ပြောခဲ့တာ ရှိတယ်။ အွန်လိုင်းကနေ တွေ့ဆုံတာကလည်း ကောင်းသလို ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ လူချင်းတွေ့ဆုံနိုင်ဖို့ အခြေအနေမျိုးဆို ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ပိုရှိတယ်။ ဒါကြောင့်မို့ ဒါတွေကလည်း ဖြစ်လာဖို့ ရှိပါတယ်” – ဦးနေဘုန်းလတ် (NUG ဝန်ကြီးချုပ်ရုံး)

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူသားချင်းစာနာမှုအကူအညီအတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်း ၄ နှစ်တာကာလအတွင်း NUG နဲ့ အာဆီယံ အလှည့်ကျဥက္ကဌတို့ရဲ့ အွန်လိုင်းကနေ ပထမဆုံး တရားဝင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။ အဲဒီနေ့မတိုင်ခင် တစ်ရက်အလိုမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ဥက္ကဌက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

အာဏာသိမ်းမှုအတွင်း အာဆီယံအသိုင်းအဝိုင်းထဲ ဖယ်ကျဉ်ထားတဲ့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဧပြီ ၁၇ ရက်နေ့မှာ အာဆီယံ ဥက္ကဋ္ဌက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

အခုလိုမျိုး NUG နဲ့ အာဆီယံ ဥက္ကဌတို့ရဲ့ တွေ့ဆုံမှုက ဘာသဘောကို ဆောင်ပါသလဲ။ တွေ့ဆုံမှုအတွင်း ဘာတွေ ဆွေးနွေးခဲ့ကြပါသလဲ။ မြန်မာ့နိုင်ငံရေးအတွက် အပြုသဘောဆောင်တဲ့ တွေ့ဆုံမှု ဖြစ်လာနိုင်မလား။ နောက်ပိုင်း NUG နဲ့ အာဆီယံတို့ လူချင်းတွေ့ဆုံဖို့ ရှိနိုင်မလား။ စတဲ့ မေးခွန်းတွေကို သိရနိုင်ဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – အာဆီယံဥက္ကဌနဲ့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တွေ့ဆုံမှုမှာ စစ်ဘေး၊ ငလျင်ဘေးဆိုင်ရာ လူသားချင်းစာနာမှုအကူညီပေးရေးနဲ့ပတ်သက်ပြီး NUG ဘက်က ဘာတွေ ဆွေးနွေးတင်ပြခဲ့တာရှိမလဲ။

ဖြေ – အဓိက နိုင်ငံတကာရဲ့ အကူအညီတွေပေါ့။ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ တကယ်ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေ လက်ထဲကိုရောက်ဖို့ကိစ္စပေါ့။ အဲဒါကို အဓိက ဆွေးနွေးခဲ့တယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေရုံနဲ့ မပြီးဘူး။ နယ်မြေစိုးမိုးမှုလည်း ရှိနေတဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ထိတွေ့ ဖို့လိုတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့တာ ရှိပါတယ်။ လက်ရှိလည်း တွေ့နေရတာပဲလေ။

နေပြည်တော်မှာဆိုရင် နိုင်ငံတကာရဲ့အကူအညီတွေကလည်း ထိထိမိမိ မဝင်နိုင်ဘဲ ဒီအတိုင်းပဲ ကွင်းထဲမှာ ပစ်စလက်ခတ် အမိုးအကာမရှိပုံထားကြတဲ့ ဓာတ်ပုံတွေလည်း တွေ့ရတာဖြစ်တယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်က တကယ်တမ်းကျတော့ တိုင်းပြည်အရေးကြုံလာတဲ့အခါမှာ စနစ်တကျစီမံနိုင်တဲ့ စွမ်းအင်နဲ့စေတနာသူ့ဆီမှာ ရှိမနေဘူး။ ရှိမနေတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စု လက်ထဲကိုသာ အကူအညီတွေ ပုံအပ်လိုက်မယ်ဆိုရင် တကယ်ထိခိုက်နစ်နာတဲ့ ပြည်သူတွေဆီကို ရောက်ရှိဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ လက်တွေ့ မြင်နေရမှာ ဖြစ်တယ်။

မေး – အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း ငလျင်အကြောင်းပြုလို့ အခုလို အာဆီယံဘက်က NUG အစိုးရကို တရားဝင် တွေ့ဆုံမှုအပေါ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ရပ်ဖြစ်နေမလား၊ ဘယ်လိုမြင်လဲ။

ဖြေ – ယခင်ကလည်း အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံတာတွေ ရှိတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး တရားဝင်ထုတ်ပြန်တာ မရှိခဲ့ဘူး။ အာဆီယံဥက္ကဌအနေနဲ့ အာဆီယံကို ကိုယ်စားပြုပြီး တွေ့ဆုံတဲ့ကိစ္စ ဒါကို တရားဝင် သတင်းထုတ်ပြန်တဲ့ ကိစ္စကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။

ပြီးတော့ ဝန်ကြီးချုပ်အချင်းချင်း မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်အဆင့်ချင်း တွေ့ကြတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ဒ

ါကတော့ ဒီထက်ပိုတဲ့ ဒီတွေ့ဆုံမှုအပြင် ကျွန်တော်တို့ ဒီထက်ပိုတဲ့ တွေ့ဆုံမှုတွေပါ ဆက်ပြီး တွေ့ဆုံကြပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ လမ်းစမှုအနေနဲ့ ဒီဟာက အစမှတ်တစ်ခုလို့ ပြောလို့ရပါတယ်။

မေး – အာဆီယံဥက္ကဌက NUG နဲ့ စစ်ကောင်စီတို့ကို သီးခြားတွေ့ဆုံမှုအတွင်း နှစ်ဘက်အဖွဲ့ကနေ အပစ်ရပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး NUG ဘက်က ဘယ်လိုမျိုး ဆွေးနွေးသဘောတူခဲ့တာရှိမလဲ။

ဖြေ – လက်ရှိကျွန်တော်တို့က ထိုးစစ်ကို ရပ်တန့်ထားတဲ့ အခြေအနေဖြစ်တယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အခြေအနေတွေမှာပဲ အကြမ်းဖက် စစ်အုပ်စုဘက်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာဘဲ စစ်ကြောင်းထိုးလာတာတွေ လေကြောင်းတိုက်ခိုက်တာတွေ တပ်အရွေ့အပြောင်း လုပ်တာတွေ ဒါမျိုးတွေလုပ်နေလို့ တချို့နေရာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲရေးဆိုတဲ့ ကိစ္စက တဖက်တည်း လုပ်လို့ရတဲ့ ကိစ္စဟုတ်မနေဘူး။ မလွဲသာ မရှောင်သာ ကျွန်တော်တို့ ပြန်ပြီး ခုခံရတဲ့ကိစ္စမျိုးတွေကိုတော့ ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။

ပြည်သူလူထုကို ဦးစားပေးတယ်။ ပြည်သူလူထုရဲ့ အဆင်ပြေမှု ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ဖို့ ဒါမှ အရေးကြီးတဲ့ကြောင့်မို့လို့ ဒီအခြေအနေကိုတော့ စဉ်းစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

မေး – မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ တိုင်းပြည်တည်ငြိမ်ရေး ပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ဆွေးနွေးသွားမယ်ဆိုပြီး အာဆီယံဥက္ကဌက ပြောထားတော့ NUG နဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ ဦးတည်လာနိုင်မယ့် အခြေအနေမျိုး ရှိလာနိုင်မလား။

ဖြေ – ကျွန်တော်တို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ ဘယ်လိုအခြေအနေမျိုးမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်မလဲဆိုတဲ့ ကိစ္စကို တရားဝင်ထုတ်ပြန်ထားပြီးဖြစ်တယ်။

ကျွန်တော်တို့မှာ နိုင်ငံရေးဉီးတည်ချက် ၆ ချက် ကျွန်တော်တို့မှာ ရှိတယ်။ ၆ ချက်က ဆိုရင်လည်း ဒါကျွန်တော်တို့ မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ အင်မတန်မှ လိုအပ်တဲ့ အချက်တွေ ဖြစ်တယ်ဆိုတာ အကုန်လုံးလည်း သိနေကြပြီဖြစ်တယ်။

၆ ချက်ကို အကျဉ်းချုံးပြန်ပြောရရင် နံပါတ် ၁ စစ်တပ်က နိုင်ငံရေးအရ ထွက်ရမယ်။ ပြီးရင် လက်နက်ကိုင်အင်အားစုတွေ အားလုံးက အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာပဲ ရှိရမယ်။ ပြီးရင်၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ သွားတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့လုံးဝ လက်မခံဘူး။ အများလက်ခံတဲ့ အများပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေ အခြေခံစနစ်ကို အခြေခံတဲ့ ဥပဒေတစ်ခုကို ရေးဆွဲမယ်။

အဲဒီအခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်မယ်။ ပြီးတဲ့အခါမှာ နောက်ဆုံးအချက်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ ဒီဟာတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖြစ်စဉ်ကို ဖြတ်သန်းပြီးတော့ ပြည်သူရဲ့တရားစီရင်မှုကို လက်ခံရမယ်။

ဒီအချက်တွေကို တရားဝင် ကြေညာထားပြီး ဖြစ်တယ်။ ဒီအချက်တွေပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ ကိစ္စက ဖြစ်နိုင်ချေရှိမယ်ဆိုတာ ပြောကြားလိုပါတယ်။

မေး – NUG ထုတ်ပြန်ချက်မှာ အာဆီယံဥက္ကဋ္ဌနဲ့တကွ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးလည်း ပါဝင်နေတာ တွေ့ရတယ်။ ဆိုတော့ NUG နဲ့ အာဆီယံတို့ သံတမန်ရေးအရ တိုးတက်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ လူချင်းတွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်လို့ ရနိုင်မလား။

ဖြေ – ဝန်ကြီးချုပ်ကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တွေ့တဲ့ အချိန်တုန်းကလည်း လူချင်းတွေ့ဆုံမှုဆိုတဲ့ ကိစ္စတွေလည်း ပြောခဲ့တာ ရှိတယ်။ အွန်လိုင်းကနေ တွေ့ဆုံတာကလည်း ကောင်းသလို ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ လူချင်းတွေ့ဆုံနိုင်ဖို့ အခြေအနေမျိုးဆို ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ပိုရှိတယ်။

ဒါကြောင့်မို့ ဒါတွေကလည်း ဖြစ်လာဖို့ ရှိပါတယ်။ဝန်ကြီးချုပ် အချင်းချင်းတွေ့ကြဖို့ကလည်း နောက်ပိုင်းမှာ နောက်ဆက်တွဲ တွေ့ဆုံမှု ဒါတွေကလည်း ဆက်ရှိလာဖို့ ဖြစ်ပါတယ်။ လူချင်းတွေ့ဆုံတဲ့ တွေ့ဆုံမှုတွေကလည်း ဖြစ်လာဖို့ အလားအလာရှိပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.