မော်လမြိုင် ၊ ဧပြီ ၂၂
မွန်ပြည်နယ်မှာ ရာသီဥတုဖောက်ပြန်မှုနဲ့အတူ မကြာခဏမိုးရွာသွန်းမှုကြောင့် နေလှန်းဆားလုပ်ငန်း အများစု ဆားရာသီမကုန်ခင်မှာပဲ လုပ်ငန်းတွေ ရပ်နားလိုက်ရတယ်လို့ ဆားတောင်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်းမှာ ဧပြီလ ဒုတိယအပတ်လောက်ကစပြီး နေ့စဉ်နီးပါး မိုးရွာသွန်းနေတာကြောင့် ဆားကွင်းတွေ ပျက်စီးသွားတာ၊ ဆားတွေကို နေပြန်လှန်းလို့ မရတဲ့ အခြေအနေတွေကြောင့် ဆားလုပ် ငန်းအများစု လုပ်ငန်းရပ်နားလိုက်ရတာပါ။
ဆားတောင်သူတစ်ဦးကတော့ မိုးရွာသွန်းနေမှုကြောင့် ဆားရဖို့ အလားအလာမရှိတာ၊ ပျက်စီးသွားတဲ့ ဆားကွင်းတွေကို အစအဆုံးပြန်လုပ်ရမယ့် အခြေအနေဖြစ်သွားတဲ့အတွက် ဒီနှစ်စောစောသိမ်း လိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အရင်က မေ ၁၅/၁၆ တကယ်လို့ ရာသီဥတု မဖောက်ဘူးဆိုရင်တော့ မေကုန်ခါနီးလောက်မှာပဲ ကွင်းသိမ်းကြတာများတယ်။ ဒီနှစ်က စောစောသိမ်းရတယ်။ နောက်ပြီးတော့ မိုးကဆက်တိုက် ဖြစ်သွားတဲ့အခါ ကွင်းကဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အစကနေအဆုံး ပြန်လုပ်ရမယ့် အခြေအနေ ဖြစ်သွားပြီ။ အများစုက သိမ်းလိုက်ကြပြီ” လို့ ဆိုပါတယ်။
ဒါ့အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ဆားလုပ်ငန်းတွေကို ရာသီမကုန်ခင်သိမ်းလိုက်ရတဲ့အ တွက် ဆားတောင်သူတွေအနေနဲ့ နစ်နာမှုရှိသလို ဆားအထွက်နှုန်းတွေပါ သိသိသာသာ ကျဆင်းသွားတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းကဆားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတတိယအပတ်လောက်က စတင်ထွက်ရှိတာ ဖြစ်ပြီး စတင်ထွက်ရှိချိန် နေလှန်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁၅၀ ဝန်းကျင်သာရရှိရာမှ လက်ရှိ ဆားအထွက်နှုန်း နည်းတဲ့အတွက် ကျပ် ၃၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆားတောင် သူတွေက ပြောကြပါတယ်။
ဒေသတွင်းက ထွက်ရှိလာတဲ့ နေလှန်းဆားကြမ်းတွေကိုတော့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေ၊ ဆားချော ပြန်လည်ထုတ်လုပ်သူတွေအပြင် ဆားနဲ့ပတ်သက်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေက ဝယ်ယူ အသုံးပြုများကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ နေလှန်းဆားတွေကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ ဆားတွေကိုတော့ ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေးအပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ကိုလည်း တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ