ဗာတီကန် ဧပြီ ၂၁
ရိုမန်ကတ်သလစ်ဘုရားကျောင်းရဲ့ ပထမဆုံးလက်တင်အမေရိကန် ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဗာတီကန်က ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။
ကွယ်လွန်ချိန်မှာ သက်တော် ၈၈ နှစ် ရှိနေပြီဖြစ်ပြီး ပြင်းထန်တဲ့ နူမိုနီးယား အဆုတ်ရောင်ရောဂါကို နှစ်ကြိမ်တိုင် ခံစားခဲ့ရပြီးတဲ့နောက် မကြာသေးမီကမှ သက်သာလာခဲ့တာပါ။
ကာဒီနယ် ကီဗင် ဖာရဲက “ချစ်ခင်ရတဲ့ အစ်ကိုတော်နဲ့ အစ်မတော်တို့၊ ကျနော်တို့ရဲ့ မြင့်မြတ်တဲ့ဖာသာကြီး ဖရန့်စစ် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း ဝမ်းနည်းစွာနဲ့ ကြေညာလိုက်ပါတယ်။” လို့ ဗာတီကန်ရဲ့ ရုပ်သံချန်နယ်ကနေ ပြောခဲ့တာပါ။ သူက “မနက် ၇ နာရီ ၃၅ မိနစ်အချိန်မှာ ရောမဘုန်းတော်ကြီး ဖရန့်စစ်ဟာ ဖဘုရားရဲ့ အိမ်တော်ဆီ ပြန်လည်ကြွမြန်းသွားပါပြီ” လို့ ဝမ်းနည်းစွာနဲ့ ပြောဆိုလာတာပါ။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၁၃ ခုနှစ် မတ်လကစလို့ ကတ်သလစ်ဘုရားကျောင်းတော်ရဲ့ အကြီးအကဲ ဖြစ်လာသူပါ။ သူဟာ ကမ္ဘာတဝန်းက လူဦးရေ ၁ ဒသမ ၃ သန်းရှိတဲ့ ရိုမန်ကတ်သလစ် ဘာသာဝင်တွေရဲ့ ဘာသာရေးဥသျှောင်ဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံကနေ အီတလီနိုင်ငံဆီကို ရွှေ့ပြောင်းအခြေချသူ မိသားစုထဲမှာ မွေးဖွားလာခဲ့သူဖြစ်ပြီး ကတ်သလစ်ဘုရားကျောင်းတော်ကို ဦးဆောင်ရတဲ့ ပထမဆုံး လက်တင်အမေရိကန် ဖြစ်ပါတယ်။
ကျန်းမာရေးချို့တဲ့မှု တော်တော်များများ ရှိခဲ့ပေမယ့် များပြားတဲ့ အပတ်စဉ် အချိန်ဇယားတွေ၊ ပုံမှန်လုပ်ရတဲ့ ရေမြေခြားခရီးစဉ်တွေကို လုပ်ဆောင်ရင်း တက်တက်ကြွကြွရှိတဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် ရပ်တည်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပုပ်ရဟန်းမင်းကြီး အာရှ-ပစိဖိတ်ဒေသ လေးနိုင်ငံ နယ်လှည့်ခရီးစဉ်ကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီး အဲဒါဟာ သူ့သက်တမ်းတစ်လျှောက်လုံးမှာ အဝေးဆုံးနဲ့ အရှည်ကြာဆုံး ခရီးစဉ်ဖြစ်လာပါတယ်။
ပုပ်ရဟန်းမင်ကြီးဟာ နောက်ထပ်ပုပ်ရဟန်းမင်းကြီး ဖြစ်လာမယ့်သူကို ရွေးချယ်ဖို့ ကာဒီနယ်ရွေးချယ်သူ ၈၀ ရာခိုင်နှုန်း နီးပါးကို ခန့်အပ်ခဲ့ပြီး ရှေးရိုးစွဲဝါဒီတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ရှိပေမယ့် တိုးတက်အောင်မြင်တဲ့ သူ့ရဲ့ မူဝါဒတွေကို နောက်တက်လာမယ့် ပုပ်ရဟန်းမင်းကြီးက ဆက်လက်လုပ်ဆောင်နိုင်စေဖို့ ဖြစ်နိုင်ချေကို မြင့်တက်စေခဲ့ပါတယ်။
Ref:CNA