နေပြည်တော်၊ ဧပြီ ၂၁

နေပြည်တော် ဥတ္တရသီရိမြို့နယ်က လမ်းပိုင်းတစ်နေရာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထိန်းချုပ်စစ်ဆေးနေစဉ် စစ်ကောင်စီတပ်က အရာရှိအဆင့်တစ်ဦး အပါအဝင် ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ OPRF PLA က ဧပြီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က လမ်းပိုင်းတနေရာကို ၃ နာရီကျော်ကြာ ထိန်းချုပ်စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလမ်းပိုင်းတစ်နေရာကို PLA က ထိန်းချုပ်စစ်ဆေးနေစဉ်အတွင်း စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်က ဗိုလ်မှူးတစ်ဦး၊ အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်ကြပ်တစ်ဦး၊ ရဲဒုတပ်ကြပ်တစ်ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ထိန်းချုပ်ထားရာနေရာကနေ ပြန်လည်ဆုတ်ခွာပြီး အပြန်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသုံ့ပန်းတွေ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ် ဗိုလ်မှူးနဲ့ အဖွဲ့ထံကနေ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေ ငွေကြေးတွေအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ရဲဘော်တွေအားလုံး အထိအခိုက်မရှိဘဲ အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.