နေပြည်တော် ၊ ဧပြီ ၂၂
ငလျင်ကြောင့် ပြန်လည်ထောင်ရေးအတွက် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေဆီက အကူအညီတွေရဖို့ စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကို သက်တမ်းတိုး ကြေညာနိုင်ပေမယ့် မြေပြင်မှာ တိုက်ခိုက်မှုတွေ ဆက်လုပ်မယ့်အနေအထားလို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ သီးခြားစီ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံမှုအတွင်း ငလျင်သင့်ဒေသတွေကို လူသားချင်းစာနာမှုအကူအညီတွေ ထိရောက်စွာပံ့ပိုးပေးနိုင်ရေး စစ်ကောင်စီနဲ့ NUG တို့ကြား အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ သဘောတူခဲ့တယ်လို့ အာဆီယံဥက္ကဋ္ဌက ထုတ်ပြောခဲ့ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီအနေနဲ့ နိုင်ငံတကာဆီကလိုချင်တဲ့ အထောက်အပံ့တွေ ရဖို့ အပစ်ခတ်ရပ်စဲရေးကို ကြေညာနိုင်ပေမယ့် လက်တွေ့မှာတော့ အခွင့်ကောင်းယူပြီး တိုက်ခိုက်နေဦးမယ်လို့ သုံးသပ်ပါတယ်။
“အခုက ပါးစပ်ကတော့ အပစ်ရပ်မယ်ပေါ့။ ဒါပေမယ့် ဒီလိုအပစ်ရပ်တယ်ပြောမှလည်း နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေဆီကနေ သူလိုချင်တဲ့အထောက်အပံ့ရမှာပေါ့။ သူလိုချင်တဲ့အထောက်အပံ့ဆိုတာ ပြည်သူကိုကူဖို့ထက် သူတို့စစ်တပ်ကို ပြန်လည်ပြင်ဆင်ဖို့ သူတို့ရဲ့ ထောက်တိုင်ဝန်ကြီးဌာနတွေကို ပြင်ဆင်ဖို့နေရာချဖို့ ဒါတွေကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်။ အပစ်ရပ်ကတော့ ထပ်ပြီး ကြေ ညာကောင်း ကြေညာနိုင်ပေမယ့် တကယ့်တကယ် မြေပြင်လက်တွေ့မှာတော့ တိုက်ခိုက်နေဦးမှာပဲဖြစ်ပါတယ်။ သူတို့က ဒီအခြေအနေမှာပဲ အခွင့်အကောင်းယူပြီး ပိုပြီးတော့တိုက်မယ့်အနေအထား ပေါ့”လို့ ဆိုပါတယ်။
ငလျင်ကြောင့် ဗဟိုအာဏာစက်ချုပ်ကိုင်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စစ်ရုံးချုပ်အပါအဝင် လွှတ်တော်နဲ့ ဝန်ကြီးဌာနအဆောက်အဦးတွေ ဝန်ထမ်းအိမ်ရာတွေစတဲ့ အုပ်ချုပ်ရေးယန္တရားအတော်များများ ထိခိုက်ပျက်စီးထားတာပါ။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးအန္တ ရာယ်ကျရောက်တဲ့ နေရာတွေဆီ အရောက်လှမ်းစေဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်သင့်တဲ့အချိန်မှာ စစ်တပ်က တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်ပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြု လုပ်ခဲ့ပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ ဧပြီ ၂ ရက်နေ့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားတာပါ။
အဲဒီတိုက်ခိုက်မှုအများစုဟာ မြေငလျင်လှုပ်ခတ်တဲ့ နေရာတွေအပါအဝင် လူနေထူထပ်တဲ့ ဒေသတွေမှာ လေကြောင်းနဲ့ အမြောက်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ ဧပြီ ၂၂ ရက်နေ့အထိ အပစ်ရပ်ထားပေမယ့် ငလျင်ဒဏ်မသင့်တဲ့ မြို့ရွာတွေအပါအဝင် လက်လွှတ်ခဲ့ရတဲ့ နယ်မြေအတွင်းက အရပ်သားတွေကိုပစ်မှတ်ထားပြီး လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
CDM လေတပ် တပ်ကြပ်ကြီး ဇေယျကလည်း တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးတဲ့ပုံစံနဲ့ အရပ် သားတွေအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနေတဲ့အတွက် အပစ်ရပ်စဲရေးဟာ စာရွက်ပေါ်မှာသာ တိုးနိုင်တယ်လို့ ပြောပါတယ်။
“အရပ်သားတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပိုလုပ်ပြီးတော့တောင် ဒီဘက်ကို (တော်လှန်ရေးအင်အားစု) ဖိအားပေးလာတဲ့ ပုံစံကိုတွေ့ရတယ်။ အဲဒီတော့ စာရွက်ပေါ်မှာတော့ လူကြားကောင်းအောင် (ယာယီအပစ်ခတ်ရပ်စဲရေး) တိုးရင် တိုးနိုင်တာပေါ့။ ဒါပေမယ့် တကယ့်အပစ်ခတ်ရပ်စဲမှုကတော့ ရှိလာမှာမဟုတ်ပါဘူး။ အခုလက်ရှိကို တချို့နေရာတွေမှာ စစ်ရေးအရ ပြန်ပြီးတိုက်ခိုက်ဖို့ စစ်ဆင်ဖို့အထိ သူတို့စီစဉ်နေတယ်ဆိုတဲ့ဟာမျိုးလည်း သိရတယ်” လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အပစ်ခတ်ရပ်စဲရေးဟာ တစ်ဘက်တည်း လုပ်လို့ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် လူထုကို ဦးစားပေးကာကွယ်နိုင်ဖို့ အရေးကြီးတာကြောင့် အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောထားတာပါ။
လက်ရှိ သက်တမ်းတိုးထားတဲ့ ငလျင်သင့်ဒေသတွေနဲ့ ဆက်စပ်ဒေသတွေမှာ NUG ရဲ့ ထိုးစစ်တွေ ရပ်တန့်ထားမှုဟာ ဧပြီ ၂၀ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမယ့် လောလောဆယ် ဧပြီ ၂၁ ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေးအတွက် ဆက်လက်သက်တမ်းတိုးဖို့ မကြေညာရသေးပါဘူး။
ဧပြီ ၂၂ ရက်နေ့မှာ အဆုံးသတ်မယ့် စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်စဲရေးကလည်း သက်တမ်းတိုးဖို့ မကြေညာရသေးပေမယ့် အကျုံးဝင်နေဆဲကာလမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုအရေအတွက် ဆယ်နဲ့ချီ မြင့်တက်နေပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဧပြီ ၁၈ ရက်နေ့ကစပြီး ၂၀ ရက်နေ့အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသေဆုံးမှု အယောက် ၄၀ ထက်မ နည်းရှိလာတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာကို စစ်ကောင်စီက ဧပြီ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ကုန်စုံဆိုင်တစ်ဆိုင်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ဆိုင်ရှင်အပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရပါတယ်။
ဧပြီ ၁၉ ရက်နေ့မှာလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ မင်းစောကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ကြဲချမှုကြောင့် ကိုရင်တစ်ပါး ပျံလွန်ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/Min Khant Kyaw