ထားဝယ်၊ ဧပြီ ၂၁
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထီးခီးဒေသထဲရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ပူးပေါင်းအဖွဲ့တွေ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
အင်အား ၇၀ ကျော်ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို KNLA ပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် နေ့ လယ်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ပတ်ခန့်အကြာ ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ထီးထဗျူဟာကုန်းက စစ်ကောင်စီတပ်ကို လက်နက်ချခိုင်းတာ မချဘဲ ပြန်ခုခံတဲ့အတွက်တိုက်ပွဲ အခြေအနေ ပြင်းထန်ခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က ဒရုန်းရော မြေပြင်ချေမှုန်းရေးတပ်ပါ အားကောင်းတဲ့အတွက် ဗျူဟာကုန်းကို သိမ်းနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင်အားလုံးနီးပါး သေဆုံးခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း ဧပြီ ၂၁ ရက်နေ့မှာ လက်နက်ခဲယမ်းအတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာတော့ တော်လှန်ရေး အင်အားစုပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ထီးထဗျူဟာကုန်းတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Y-12၊ MI 17 ဂျက်လေယာဉ်တွေ နဲ့ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ ဦးဆောင်မှု နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းပေါင်း ၂၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF