နရာသီဝတ်၊ ဧပြီ ၂၁
ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝတ်ပြည်နယ်မှာ ဧပြီ ၂၀ ရက် ညက ဗုံးပေါက်ကွဲမှုနဲ့ သေနတ်သမားတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခုကို အရာရှိတွေ စုံစမ်း စစ်ဆေးနေချိန် အဲဒီ ဒေသမှာ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။

မူအန်းနဲ့ ဆွန်ငိုင်းကိုလော့ဒေသရှိ မြို့ပြနဲ့ စီးပွားရေးဒေသတွေ အန္တရာယ် ကျရောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားဖို့ အမှတ် ၄ တပ်မမှူး ဒုဗိုလ် ပီဆိုင်း နိုဆန်က ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မူအန်းနဲ့ ဝါအန်းဒေသတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မူအန်းဒေသမှာ ခို့ခီယန် ရဲစခန်း အရာရှိရိပ်သာ အပြင်ဖက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်ဘေးတွဲ တစ်စီး ညနေ ၆ နာရီ ၄၅ မိနစ်မှာ ပေါက်ကွဲခဲ့ပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် အဆောက်အဦ၊ ခြံစည်းရိုးနဲ့ တခြား ရပ်ထားတဲ့ ကားတွေ ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။
လွင့်ထွက်လာတဲ့ အပျက်အစီးတွေနဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဝါအန်းဒေသ ဘန်ခေါ်လာ သူဝါ ကျေးရွာမှာ ည ၇ နာရီ ၁၅ မိနစ်က အိမ်တစ်အိမ်ရှေ့ ညစာစားပွဲ ကျင်းပနေတဲ့ ထိုင်းဗုဒ္ဓဘာသာတွေကို သေနတ်သမားတွေက လက်ပစ်ဗုံးနဲ့ ပစ်ပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဖြစ်ရပ်အတွင်း လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆွန်ငိုင် ကိုလော့ ဆေးရုံသို့ တင်ပို့ထားရပါတယ်။
ဒီဖြစ်ရပ်တွေကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး နောက်ဆုံးရ သတင်းတွေကို ဆက်လက် ဖော်ပြပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Ref:Bangkokpost