ကျိုက်ထို၊ ဧပြီ ၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနဲ့သပြေနီကျေး ရွာကြားမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ ရဲဘော်တွေက ပြောပါတယ်။

ဘီးလင်းတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း အချိန်တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ ဒေသခံတွေထံက သိရပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်းကင်းထောက်မှုတွေ ရှိနေသလို လက်နက်ကြီး ပစ်ခတ်မှုတွေကို ဆက် လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.