ကော့ကရိတ်၊ ဧပြီ ၂၂
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးတဝိုက်ကို တော် လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းရံထားတဲ့အတွက် စစ်ကောင်စီတပ်က မော်လမြိုင်၊ ဘားအံကနေတစ်ဆင့် တပ်အင်အားတွေ ထပ်မံပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ပတ်ပတ်လည်နဲ့ ကျုံဒိုးမြို့အနီး ကျုံဒိုး-ကော့ကရိတ် ကားလမ်းတစ်လျှောက်မှာ ဧပြီ ၁၄ ရက်နေ့ကစလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၁ ပတ်ကျော်လာတဲ့ ဧပြီလ၂၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာပါ။
KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ကျေးရွာအနီးက ရင်ကွဲတောင်စခန်းအပါအဝင် ကော့ကရိတ်မြို့အထွက် ၉ တိုင်လမ်းဆုံကနေ ကျုံဒိုးမြို့အနီး ၄ တိုင်အထိရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီလမ်းကြောတလျှောက် ကို စိုးမိုးနေရာယူထားနိုင်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဒီလို နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အချိန် ကော့ကရိတ်မြို့ မြောက်ဘက်ပိုင်းက စစ်ဆေးရေးဂိတ်နဲ့ မြို့အနောက်ဘက်ခြမ်း ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းရှိ တံတားကျိုး လှိုင်၀ စစ် ဆေးရေးဂိတ်တွေအားလုံးကို ဧပြီလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်က မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်အားလုံးကို ပိတ်ထားလိုက်ပြီး ကော့ကရိတ်မြို့ခံတွေကို အပြင်ထွက်ခွင့်မပေးတဲ့အတွက် မြို့ခံတော်တော်များများ ပိတ်မိနေပြီး ထွက်ခွင့်ရဖို့အ တွက် မြို့ပေါ်မှာရှိတဲ့ ဆရာတော်သံဃာတော်တွေက စစ်ကောင်စီကို ညှိနှိုးဆွေးနွေးတာတွေရှိနေပေမယ့် အဆင်မပြေဘူးလို့ ကြားသိရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အဝင်အထွက်နေရာတွေအားလုံးကို ပိတ်ထားလိုက်တဲ့အတွက် ကော့ကရိတ်မြို့အနီး တံတားကျိုး စစ်ဆေးရေးဂိတ်ကနေ ၉ တိုင်လမ်းဆုံအထိ ကုန်တင်ကားအများအပြား ပိတ်မိနေပြီး ထွက်ခွာခွင့်ရဖို့ ပြောဆိုညှိနှိုင်းနေတယ်လို့ ကြားသိရကြောင်း အဲဒီဒေသခံက ဆိုပါတယ်။
ကျုံဒိုးမြို့အနီး ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းတစ်လျှောက်က စခန်းတွေနဲ့ ကော့ကရိတ်မြောက်ပိုင်း၊ ကောကရိတ်မြို့အနီးနားက စခန်းတွေ ဝိုင်းတိုက်ခိုက် သိမ်းပိုက်ခံနေရတဲ့အချိန် စစ်ကောင်စီတပ်က မော်လမြိုင် ဘားအံအခြေစိုက် တပ်ရင်းတွေကနေ တပ်အင်အား အများအပြား ပို့ဆောင်ထားတယ်လို့ ကျုံဒိုးဒေသခံတွေက ပြောကြပါတယ်။
တပ်အင်အားဖြည့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့အနီး ဂျိုင်း(ကော့ကရိတ်) တံတား စစ် ဆေးရေးဂိတ်နှစ်ဖက်စလုံးနဲ့ တံတားအနီးဘားအံမြို့နယ်ထဲ့ ဂျိုင်းရွာ၊ ကျားကလေးလမ်းတလျှောက်မှာ တပ်စွဲထားတယ်လို့ တွေ့နေရတယ်လို့ ကျုံဒိုးနယ်ခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်က ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အစပ်နေရာဖြစ်တဲ့ ဂျိုင်းရွာက တောင် ကုန်းပေါ်နဲ့ ဂျိုင်း(ကော့ကရိတ်)တံတားဟောင်း တံတားသစ်တွေပေါ်မှာ ခံစစ်ပြင်ဆင်တာတွေ လုပ် ဆောင်နေသလို ဘားအံမြို့နယ် ဂျိုင်း-ဇာသပြင်လမ်းပိုင်းနဲ့ ဂျိုင်း-သာမည လမ်းတလျှောက် စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းပုန်းနေရာယူထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကော့ကရိတ် ကျုံဒိုးတိုက်ပွဲကြောင့် ကျေးရွာအများအပြားက ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က ကော့ကရိတ် ကျုံဒိုးနယ်တစ်ခုလုံးကို လက်နက် ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် အရပ်သားပြည်သူ ထိ ခိုက်သေဆုံး ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကလည်း တိုးမြှင့်လာပါတယ်။
တိုက်ပွဲကြောင့် ကော့ကရိတ် ကျုံဒိုးမြို့နယ်ထဲ ကျေးရွာအများအပြားက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေဟာ ၁ သိန်းအထိ ရှိလာပြီလို့ ခန့်မှန်းထားပါတယ်။
အဲဒီ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာ စားနပ်ရိက္ခာဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူ အညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ