နေပြည်တော်၊ ဧပြီ ၁၉
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ နေပြည်တော်ကို မြို့အကွက်ချမှုပုံစံ ပြန်လည်တွက် ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။
မနေ့ ဧပြီ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ အ ဆောက်အအုံတွေအနက် ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေဟာ ပိုမိုထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းနဲ့ အဆောက်အဦး တည်ဆောင်ရာမှာ ငလျင်မကြာခဏလှုပ်ခတ်နေတဲ့ နိုင်ငံတွေကို နမူနာယူဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ငလျင်ကြောပေါ်မှာ တည်ရှိနေတဲ့ အဆောက်အအုံတွေကို ပြောင်းရွှေ့နေရာချထားဖို့နဲ့ ဝန်ထမ်းအိမ်ရာတွေ ပြန်လည်တည်ဆောက်ရာမှာ ရစ်ချ်တာစကေး ၈ အထိခံနိုင်တဲ့ အဆောက်အ အုံတွေဖြစ်အောင် ဆောင်ရွက်သွားဖို့ စစ်ခေါင်းဆောင် ပြောပါတယ်။
ရုံးဌာနအဆောက်အအုံတွေ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အ နည်းငယ်သာထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေကို ဦးစားပေးအနေနဲ့ ပြုပြင်ဆောင်ရွက်သွားဖို့လိုပြီး အင်ဂျင်နီယာတွေ စမ်းသပ်ပြီးမှသာ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့အချက်အလက်တွေအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်ရဲ့ ရုံးဌာနဆိုင်ရာ အဆောက်အဦးတွေအပါအဝင် အုပ်ချုပ်ရေးယန္တရား ၇၀ နီးပါး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI