ကော့သောင်း၊ ဧပြီ ၁၉

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရတဲ့ လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်လာပြီး ဝင်ရောက်ခိုလှုံလာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သား စုဆောင်းခံရပြီး ကော့သောင်းအခြေစိုက် ခမရ ၄၃၁ တပ်ရင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်စိုးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့မှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တာပါ။

ကိုအောင်စိုးဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို ပို့ ဆောင်ခံရပြီး စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် အမှတ် ၄၃၁ ခြေမြန်တပ်ရင်းကို ဖမ်းဆီးပို့ဆောင်ခံခဲ့ရပါတယ်။

အဲဒီနောက် ကော့သောင်းအခြေစိုက် ခမရ ၄၃၁ တပ်ရင်းမှာ တစ်လနီးပါးနေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ လ ၁၆ ရက်နေ့မှာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးလာချိန် အမျိုးသားသုံးဦး ထွက်ပြေးလာခဲ့တာဖြစ်ပြီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ခိုက်ရန်ဖြစ်ပွားကာ လူစုကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုအောင်စိုးရဲ့ ပြောပြချက်အရ ခမရ ၄၃၁ တပ်ရင်းမှာ စစ်မှုထမ်း တပ်သားသစ်တွေ ထွက်ပြေးတာဟာ အခုတစ်ခေါက် အပါအဝင် သုံးကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ပြန်လည်ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း ကော့သောင်းမြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူတစ်ဦး ထွက်ပြေးလွတ်မြောက်လာပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကော့သောင်းပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.