မော်လမြိုင် ၊ ဧပြီ ၁၉
မွန်ပြည်နယ်မှာ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသူအကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးက အကျဉ်းသူအကျဉ်းသား ၄၈၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။
အဲဒီထဲမှာ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်း ၁၀ ခုက အကျဉ်းသူအကျဉ်းသား စုစုပေါင်း ၅၁၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။
PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးကတော့ မွန်ပြည်နယ်အတွင်း လွတ်ငြိမ်းပေးတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာ ပါဝင်တယ်လို့ ကြားသိထားပြီး လွတ်ငြိမ်းပါတဲ့သူတွေကလည်း လွတ်ရက်နီးသူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
“မွန်ပြည်နယ်ထဲမှာဆိုရင် ကျိုက်မရောအကျဉ်းထောင်လောက်ကပဲ နိုင်ငံရေးအကျဉ်းသား နှစ်ဦးလောက်ပါတယ်လို့ သိထားရတယ်။ ကျန်တဲ့ထောင်တွေမှာတော့ နိုင်ငံရေးအကျဉ်းသား ပါတယ်လို့ကို မကြားမိဘူး။ လွတ်သွားတဲ့ သူတွေကလည်း လွတ်ရက်နီးပြီးမှ ဒီလွတ်ငြိမ်း မလာခင်တောင် ကိုယ့်လွတ်ရက်နဲ့ကိုယ်နီးနေတဲ့ သူတွေပဲ။ ဒီလွတ်တဲ့ထဲမှာ ပါသွားကြတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် လွတ်နီးတွေပဲ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါလာတဲ့ အခြေအနေကို တွေ့ရပါတယ်ဗျ” လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်အတွင်းက စစ်ကောင်စီ လွတ်ငြိမ်းပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ပါ ဝင်မှု အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အရေအတွက် အနည်းငယ်လောက်သာ ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး လွတ်ပေးလိုက်တဲ့သူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ် ဆိုတဲ့ စည်းကမ်းချက်နဲ့ လွှတ် ပေးခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ စစ်ကောင်စီဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ် ပေးတဲ့နေရာမှာ လွတ်ရက်နီးသူတွေကိုသာ လွတ်ငြိမ်းပေးလေ့ရှိပြီး ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထောင်ဒဏ်အမြင့်ဆုံးချကာ ထောင်အတွင်းနေစေတာ ဖြစ်တယ်လို့ ပြောကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ရဲ့ အချက်အလက်တွေအရ နှစ်ဆန်းတစ်ရက်နေ့ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းစာရင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးသာ ပါဝင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram