နေပြည်တော် ဧပြီ ၁၈

လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ကမ်းလှမ်းထားပြီးဖြစ်လို့ ရွေးကောက်ပွဲအောင်မြင်ရေး ပြည်ထောင်စုဖွား တိုင်းရင်း သားတွေ ပူးပေါင်းဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူးနှုတ်ဆက်စကားအဖြစ် အာဏာသိမ်းစစ်ကောင် စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ထိန်းချုပ်ထားတဲ့ ဝါဒဖြန့် သတင်းစာတွေနဲ့ နိုင်ငံပိုင်ရုပ်သံတွေကနေ အသိပေးလာတာပါ။

နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ဖက်ဒ ရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို စစ်ကောင်စီအနေနဲ့ ရည်မှန်းချက်ထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက စစ်အုပ်စုရဲ့ နိုင်ငံရေးကမ်းလှမ်းချက်ဟာ ပြည်သူကဆန့်ကျင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလုပ်တာဖြစ်လို့ လက်တွေ့မဆန်သလို ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမှန်ဆိုရင် သူ့ရဲ့ နိုင်ငံရေး ဖိတ်ခေါ်ကမ်းလှမ်းချက်က ကျွန်တော်တို့ ပြည်သူက လုံးဝဆန့်ကျင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေလုပ်နေတဲ့ ကမ်းလှမ်းမှုဖြစ်နေတယ်။ တကယ်လို့ သူသာစေတနာအမှန်ရှိတယ်ဆိုရင် ပြည်သူတွေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်ချက် နိုင်ငံရေးတောင်းဆိုချက်တွေကို သူကလေးစားရမှာဖြစ်တယ်။ ဘယ်လိုပဲပြောပြော သူကတဖက်သတ်နဲ့ သူ့ဟာသူရေးဆွဲပြီးတော့ ကမ်းလှမ်းနေတာမျိုးကလည်း ဘယ်လိုမှ လက်တွေ့မဆန်ဘူး၊ဖြစ်လည်းဖြစ်နိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် အပြောနဲ့အလုပ် ပြီးတော့ သူ့ရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ စေတနာဆိုတော့ လုံးဝအပ်စပ်မှုမရှိဘူးပေါ့” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုလိုအပ်တာကြောင့် စစ်မှန်တဲ့ ငြိမ်း ချမ်းရေးရရှိအောင် ကြိုးပမ်းနေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ကမ်း လှမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအပေါ် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုတွေ ဖြစ်ကြတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ကြောင်း စစ်ခေါင်း ဆောင်က ပြောကြားခဲ့တာပါ။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ကောင်းစကားက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အားလုံးက လက်ခံထားပေမယ့် စစ်အုပ်စုကို အနိုင်တိုက်နိုင်မှသာ နိုင်ငံ‌ရေးနည်းနဲ့ ဖြေရှင်းလို့ ရနိုင်မယ့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစစ်ကောင်စီ ဒီစစ်အုပ်စုနဲ့သွားပြီးတော့ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ဘူး ခင်ဗျ။ ဒါကို ကျွန်တော်တို့တစ်ခုပဲ လုပ်ဆောင်ဖို့ရှိတာက စစ်ရေးအရ အနိုင်တိုက်နိုင်မှသာလျှင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ အခြေအနေအထိ ရောက်နိုင်မယ်လို့ ကျွန်တော်က အဲဒီလိုမြင်တယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံအရ ဘယ်လိုမှလည်း အဆင်ပြေခဲ့တာမရှိဘူး။ မရှိတဲ့အပြင် သူတို့မထင်ရင် မထင်သလို အခုလိုမျိုး အာ ဏာကောက်သိမ်းလိုက် ပြည်သူတွေကို ညှဉ်းဆဲလိုက်နဲ့ ဒီစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့အ တွက်ကိုပဲ ဦးတည်နေတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုမှ (နိုင်ငံရေး နည်းနဲ့ဖြေရှင်းဖို့) အဆင်ပြေမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

တိုင်းရင်းသားအားလုံးမှာ စစ်အုပ်စုကလွဲရင် ပြည်ထောင်စုစိတ်ဓာတ်အပြည့်အဝရှိတာကြောင့် စစ်အုပ်စုသာမရှိရင် တိုင်းရင်းသားတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်တွင်းပဋိပက္ခကို တရားမျှတမှုရှိစွာ ဖြေရှင်းနိုင်မယ်လို့ သူ့အမြင်ကို ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အမြန်ဆုံးအကောင်အ ထည်ဖော်ပေးနိုင်ဖို့ လာမယ့် ဒီဇင်ဘာလအတွင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ရေး မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း စစ်ခေါင်းဆောင်ရဲ့ အပြောနဲ့အလုပ် စက္ကန့်မပြတ် ကွာခြားနေတဲ့အပေါ် လူထုတွေရဲ့ စိတ်ထဲ ယုံကြည်မှုပျောက်သွားပြီလို့ မှတ် ချက်ပြုပါတယ်။

“အပြောနဲ့အလုပ်က အချိန် နာရီ စက္ကန့်မပြတ် ကွာခြားနေတဲ့အပေါ်မှာ အားလုံးက ယုံကြည်မှုက ပျောက်သွားပါပြီ။ အဲဒါကြောင့်ပဲ သူဘာပဲပြောပြော ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ လူတွေရဲ့ စိတ်ထဲမှာ သံမှိုနှက်ထားသလိုပဲ စွဲသွားပါပြီ။ အဲဒါကြောင့် သူလုပ်ခဲ့တဲ့ အရာမှန်သမျှ သူပေးဆပ်ရတော့မယ့်အချိန်ရောက်ပြီလို့ပဲ ယူဆမိပါတယ်” လို့ ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့အထိ အပစ်ခတ်ရပ်စဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၁၇ ရက်နေ့မှာတော့ ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မန္တ‌လေးတိုင်း မိုးကုတ်မြို့နယ်ရှိ ကျေးရွာတချို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

တစ်ဘက်မှာ နိုင်ငံရေးထွက်ပေါက်အဖြစ် စစ်ကောင်စီအသုံးချမယ့် ရွေး‌ကောက်ပွဲကို အခုနှစ် ဒီဇင် ဘာတတိယပတ်ကနေ လာမယ့်နှစ် ဇန်နဝါရီ ဒုတိယပတ်အထိ တစ်လအတွင်း ကျင်းပလို့ရတဲ့ မြို့ နယ်တွေမှာပြီးစီးဖို့ လျာထားတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ငလျင်ဘေးသင့် အစိုးရရုံးဌာနတွေ ပြန်လည်တည်ဆောက်ရေး၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်မှုလုပ်ငန်းတွေ ပြန်လည်တည်ဆောက်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ကောင်းစကားကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ထောင်ချောက်ဖြစ်လို့ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေအားလုံး နည်းမျိုးစုံနဲ့ ဟန့်တားနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

“အားလုံးလည်း သိပါတယ်။ ဒါဟာ သူတို့ရဲ့ ထောင်ချောက်ပေါ့နော်။ ဒါကို ကျွန်တော်တို့က သွားပြီးတော့မှ ပြည်သူလူထုအားလုံး ကျွန်တော်တို့ တိုင်းရင်းသားတွေအပါအဝင် သူတို့ရဲ့ ရွေးကောက်ပွဲကို သွားပြီးတော့မှ အားပေးအားမြှောက်သွားလုပ်ရင်တော့ စနစ်ဆိုးကြီးက ပိုပြီးတော့မှ သက်ဆိုးရှည်ဖို့ပဲ ရှိတော့တယ် ခင်ဗျ။ ဘယ်လိုမှလည်း ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နည်းမျိုးစုံနဲ့ ဟန့်တားနိုင်ဖို့ လိုတယ်လို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းလေးနှစ်ကျော်အတွင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေထဲက မြို့ပေါင်း ၉၀ ကျော်ကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်တပ်အနေနဲ့ သမိုင်းတလျှောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရပြီး နိုင်ငံတဝန်း စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ ၄ ပုံ ၁ ပုံတောင် မရှိတော့ဘူးလို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်ဟာ ပြည်သူလူထုအတွက် တော်လှန်ရေးအပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူ‌ဆောင်သွားနိုင်မယ့်နှစ်ဖြစ်ဖို့ တော်လှန်ရေးအင်အားစုတွေအာလုံး ဆထက်ထမ်းပိုး ကြိုးစားဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.