မိုးကုတ် ၊ ဧပြီ ၁၇
ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပေမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသတချို့မှာ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီ ၁၇ ရက်နေ့ မနက် ၈ နာရီမှာ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ သရက်တောရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အလားတူ မနက်၁၀ နာရီမှာလည်း တအာင်းတပ်TNLA ရဲ့ ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့အရှေ့ပိုင်း ကဆုတ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံးလာရောက်ကြဲချခဲ့ပါတယ်။ ဗုံးကျရောက်ပေါက်ကွဲ မှုနဲ့ပတ်သက်ပြီး ထိခိုက်မှုအခြေအနေတွေကို ပြန်လည်တင်ပြပေးသွားမယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်စဲခဲ့ပေမယ့်လည်း TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အားဖြည့်တင်းတာ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲမဖြစ်တဲ့နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာစတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတာလို့ TNLA က ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်လို့ တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ နှစ်သစ်ကူးနှုတ်ဆက်စကားမှာ ပြောဆိုထားပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီတပ်ဟာ အများပြည်သူဆိုင်ရာသွားလာရာနေရာတွေ အဆောက်အအုံတွေ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PSLF/TNLA