ဘားအံ ဧပြီ ၁၆
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီတပ်က ဒီကနေ့ သင်္ကြန်အတက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုအပေါ် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ အလွန်ဝမ်းနည်းကြေကွဲရကြောင်း MLA က ဆိုပါတယ်။

မြောက်ကမ္မရိုက်ကျေးရွာဟာ ကျုံဒိုးမြို့ တောင်ဘက်ခြမ်း ဟောင်သရောမြစ်ဘေးနားမှာတည်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ကျုံဒိုးမြို့အနီးတစ်ဝိုက် ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို နားစွင့်ပြီး ဂရုတစိုက်နေထိုင်ကြဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က သတိပေးထုတ်ပြန်ထားပါတယ်။

ကျုံဒိုးမြို့အနီး ကျေးရွာတွေဖြစ်ကြတဲ့ လေးတိုင်၊ နွားခြံကုန်း၊ အင်းကြီး၊ကော့ဝါးလယ်ကျေးရွာတွေကို ဒီကနေ့ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – MLA