မန္တလေး၊ ဧပြီလ ၂၀
နိုင်ငံတစ်ဝန်းမှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်ကာလအတွင်း စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် မန္တလေး တိုင်းနဲ့ ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး MDY-PDF က သတင်းထုတ်ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာရဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့အားလုံးဟာ ခုခံကာကွယ်ရုံမှတပါး ထိုးစစ်အားလုံးကို သုံးပတ်ခန့် ရပ်စဲထားမယ်လို့ ကြေညာထားတာပါ။
အဲဒီနောက် စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲမှာ ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့ရွာဒေသတွေကို လေကြောင်း တိုက်ခိုက်မှု တောက်လျှောက် ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် စဉ့်ကူးမြို့နယ်မှာ ၂ကြိမ် ၊ မတ္တရာမြို့နယ်မှာ ၁ကြိမ် ၊ သပိတ်ကျင်းမြို့နယ်မှာ ၅ကြိမ်၊ မိုးကုတ်မြို့နယ်မှာ ၁ ကြိမ်နဲ့ နောင်ချိုမြို့နယ်မှာ ၁ ကြိမ် စုစုပေါင်း လေ ကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့တယ်လို့ MDY-PDF ကဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပြောဆိုထားပေမယ့် အရေအတွက်အတိအကျကိုတာ့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းထိုးမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း လုံးဝရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ဟာ ငလျင်ဘေးကို အကြောင်းပြပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုတစ်ခုသာဖြစ်တယ်လို့ MDy-PDF က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီး တစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦး အပါ အဝင် အရပ်သား ၇၂ ဦး သေလို့ဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDY-PDF