ကော့သောင်း၊ ဧပြီ ၁၀
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာအနီးမှာ ဧပြီလ ၉ ရက်နေ့ညနေပိုင်းက ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ရဲအဖွဲ့ပစ်ခတ်ခံရလို့ ရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ကော့သောင်းမြို့နယ်ပ ကဖ တာဝန်ရှိသူတွေကပြောပါတယ်။
အဲဒီနေ့ညနေ ၅ နာရီခန့်မှာ အေးချမ်းသာကျေးရွာဘက်ကနေ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ မာရမ်းရဲစခန်းက ရဲအုပ်မင်းအောင်စိုးဦးစီးတဲ့ အင်အား၅ ဦးပါရဲအဖွဲ့ကို ဖော့သုတ်ကျေးရွာအနီးမှာ သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း ရဲအုပ်မင်းအောင်စိုး ၊ ဒုရဲအုပ်မျိုးလင်းကိုနဲ့ ရဲဒုတပ်ကြပ်စည်သူတို့ ၃ ဦးသေ ဆုံးခဲ့ပြီး တပ်ကြပ်ကြီး မောင်တူးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင်ရဲတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုးအစား သေနတ် ၂ လက်၊ AK ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ တောင့်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ အ တောင့် ၅၀ ၊ ၆ လုံးပြူးသေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစားသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ ပိုက်ဆံ ၂၅၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီကျော်ခန့်အကြာမှာတော့ သေဆုံးရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းကို နီး စပ်ရာကျေးရွာက လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ခမောက်ကြီးဆေးရုံကိုပို့ဆောင်ပေးခဲ့ကြရပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ မာရမ်းတိုက်နယ်အတွင်း မူးယစ်ဆေးဝါးလုပ်ကိုင်သူ၊ ကုန်သည်တွေနဲ့ လူမှောင်ခိုကူးသူတွေထံကနေ လစဉ်ဆက်ကြေးအနေနဲ့ တစ်ဦးလျင် ဘတ် ၃၀၀၀ မှ ၅၀၀၀ ကြားကောက်ယူဖို့ သွားလာနေလေ့ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေကပြောပါတယ်။
တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဖက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့နယ်၊ အောင်သာယာ ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီသတင်း ပေးထောက်တိုင်တစ်ဦးပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ကော့သောင်းပကဖ