ရေး၊ ဧပြီ ၁၀

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကနေ ထွက် ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ခမရ ၅၉၁ တပ်ရင်းမှာ ကင်းကျနေချိန်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ပြည်သူစစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း အသက် ၁၉ နှစ်အရွယ် တပ် သား ကျော်ဇင်ဖြိုးကို ကျောင်းရွာအနီးမှာ ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားဟာ ယူနီဖောင်းတစ်စုံသာပါလာခဲ့ပြီး ကျန်တာဘာမှ မပါလာသလို တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီးထွက်လာသူမဟုတ်တာကြောင့် လောလော ဆယ်မှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဇာတိဖြစ်ပြီး ရန်ကုန်မှာ အလုပ်လုပ်နေချိန် စစ်ကောင်စီအဖွဲ့တွေရဲ့ စစ်မှုထမ်းတပ်သားသစ်စုဆောင်းမှုကို ခံလိုက်ရတာပါ။

အဲဒီနောက် ဖောင်ကြီးရှိ မင်းကုန်း စစ်အခြေခံလေ့ကျင်းရေးကျောင်းမှာ စစ်သင်တန်းတက်ခဲ့ရပြီးနောက် ခမရ ၅၉၁ တပ်ကို ရောက်ရှိလာတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ် အခြေစိုက် စကခ ၁၉ က စစ်ကောင်စီတပ်သား ခြောက်ဦးဟာ ရေးဘီလူးအဖွဲ့ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.